၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန် 

ရွှေမန်း

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလကုန်အထိ ၆ လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေထံ ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ချက် ထားသည်။

ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၉၃၇၈၄၆.၅၈ တန် တင်ပို့မှုကနေ ရရှိထားပြီး အင်ဒိုနီးရှားနိုင်ငံကအများဆုံးဝယ်ယူတာဖြစ်ကြောင်း MRF တာဝန်ရှိသူတစ်ဦးက ပြောသည်။

လအလိုက် တင်ပို့မှုကိုကြည့်ရင် စက်တင်ဘာလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပြီး တန်ချိန် ၂၁၉၅၆၅.၁၃ တန် တင်ပို့မှုမှ ဒေါ်လာ ၁၀၄ သန်းအထိ စံချိန်တင် ရရှိခဲ့ခြင်းဖြစ်သည်။

ဧပြီလမှာ ဒေါ်လာ ၅၅ သန်း၊ မေလမှာ ၃၆ သန်း၊ ဇွန်လမှာ ၈၄ သန်းနဲ့ သြဂုတ်လမှာ ၉၇ သန်းအထိ ရရှိထားတာကိုလည်း MRF ၏အချက်အလက်တွေအရ သိရသည်။

ဆန်နှင့် ဆန်ကွဲ အမျိုးအစားနှစ်ခုထဲက ဆန်တင်ပို့မှုကိုကြည့်ရင် ပြည်ပနိုင်ငံ ၁၅ နိုင်ငံက အဓိကဝယ်လိုအားရှိပြီး အဲဒီအထဲမှာ အင်ဒိုနီးရှားနှင့် တရုတ်တို့က အများဆုံး ဝယ်ယူသူတွေအဖြစ် ရှိနေသည်။

ဆန်ကွဲကိုတော့ ပြည်ပနိုင်ငံ ၁၃ ခုကနေ အများအပြားဝယ်ယူလျက်ရှိပြီး တရုတ်၊ ဘယ်လ်ဂျီယံနှင့် အင်ဒိုနီးရှားနိုင်ငံတွေကနေ အများဆုံး ဝယ်ယူလျက်ရှိတာကို စာရင်းတွေမှာ ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၄ ဧပြီလမှ ၂၀၂၅ မတ်အထိ ဘဏ္ဍာနှစ်အတွင်း ဆန်/ဆန်ကွဲတန်ချိန် ၂.၅ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပို့ကုန်ရငွေကို ထိန်းချုပ်သည့် ငွေကြေးမူဝါဒကြောင့် ဆန်တင်ပို့မှုကို အနည်းနယ်လျော့နည်းစေ​သည်။

ထိုပြင် အယ်လ်နီညို ရာသီဥတုအခြေအနေကြောင့်လည်း ဆန်တင်ပို့ရောင်းချမှုကို အဟန့်အထားဖြစ် ကြောင်း MRF ဥက္ကဋ္ဌက ပြောကြားထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published.