ဧရာ၀တီမြစ်မြေနုကျွန်းကျေးရွာများတွင် ဆောင်းသီးနှံများ စတင်စိုက်ပျိုး

ရွှေမန်း

ဧရာ၀တီမြစ်မြေနုကျွန်း ကျေးရွာများတွင် စက်တင်ဘာ လကုန်တွင် မြစ်ရေကျဆင်းမှုနှင့် အတူ  အောက်တိုဘာလဆန်း ပိုင်းတွင် ဆောင်းသီးနှံများ စတင် စိုက်ပျိုးလျက်ရှိသည်။

ဆောင်းစိုက်သီးနှံများကို စက်တင်ဘာလနောက်ဆုံးသီတင်း ပတ်တွင် ရေထပ်မံမြင့်တက်လာ ခြင်းမရှိတော့သဖြင့် မြေပြုပြင်ကာ တောင်သူများ စတင်စိုက်ပျိုး လျက်ရှိကြောင်း၊ ထိုသို့စိုက်ပျိုး ရာတွင် ဈေးကွက်ဈေးကောင်းရရှိ ပြီး ဒေသနှင့်ကိုက်ညီဖြစ်ထွန်း သည့် မြေပဲနှင့် ကန်စွန်းဥကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင်  စက်သုံးဆီဈေးများ ဈေးမြင့်တက်သောကြောင့် မြေပြု ပြင်စရိတ်နှင့် စိုက်ပျိုးခများ ယခင် နှစ်ထက် ပိုမိုကုန်ကျနေကြောင်း ပုသိမ်ကြီးမြို့နယ် သံဘိုကျွန်း ကျေးရွာမှ တောင်သူ ဦးခင်မောင်ရင်က ပြော သည်။

“ တော်သလင်းလမှာ ဧရာ ၀တီမြစ်ရေ ထပ်မံမတက်တော့ ဘဲ ရေကျဆင်းသွားတာနဲ့ မြေပြင် ထွန်ရေးထယ်ရေးဝင်ပြီး သီတင်း ကျွတ်လဆန်းတာနဲ့ စတင်စိုက်ပျိုး နေပါပြီ။ ဒီနှစ်က ထွန်ထယ်စက် မောင်းခတွေ ဈေးတက်ပါတယ်။ စိုက်ပျိုးခလုပ်သားစရိတ်လည်း ဈေးတက်တော့ မြေပဲတစ်ဧက ငွေကျပ် ၆၀၀၀၀၀ ကျော်၊ ကန် စွန်းဥတစ်ဧက ငွေကျပ် ၁၂၀၀၀၀၀ ကျော် ကုန်ကျမှာပါ။ ဒီရက်ပိုင်း မြေပဲတော့ စတင်စိုက်ပျိုးနေပါပြီ။ မြေပဲနဲ့ ကန်စွန်းဥမစိုက်တဲ့ သဲများ တဲ့ မြေတွေမှာတော့ ပဲထောပတ်၊ ပဲနီကြားနဲ့ ဟင်းသီးဟင်းရွက် တွေကို သီးညှပ်စိုက်ပျိုးပါတယ် ´´ ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် ဈေးကွက် ဈေးကောင်းရရှိသည့် မြေပဲနှင့် ကန်စွန်းဥကို အောက်တိုဘာလ ဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလလယ်တွင် စတင်ရိတ် သိမ်းမည်ဖြစ်သည်။ ကျွန်းစိုက်ခင်း များသောကြောင့် မြေပဲတစ်ဧက လျှင် မြေပဲတင်း ၆၀ ကျော် ထွက် ရှိပြီး ကန်စွန်းဥ တစ်ဧကလျှင် ပိဿာ ချိန် ၆၀၀၀-၈၀၀၀ ခန့် ထွက်ရှိသလို ဈေးကွက်ဈေး ကောင်းရရှိသဖြင့် ကျွန်းစိုက်ခင်း စိုက်တောင်သူများ ယခင်နှစ်က ဝင်ငွေကောင်းခဲ့ကြောင်း သိရ သည်။            

Leave a Reply

Your email address will not be published.