မြသလွန် ဒုတိယ၊ တတိယ

ဘောကျော်လူဝင်စားတို့ ဦးဆောင်ပြီး မဟာသက္ကရာဇ်(သာသနာနှစ်) ၁၅၀ပြည့်နှစ်မှာ သံတောင် ၃၅တောင်အမြင့်ဆောင်တဲ့ မြသလွန်စေတီကို တည်ခဲ့တယ်။ အခု၂၅၆၈ခုနှစ်ဆိုတော့ လွန်ခဲ့တဲ့ ၂၄၁၆နှစ်က တည်ခဲ့တယ်ဆိုပါတော့။
ဘုရားသမိုင်းတွေထဲက ဗဟုသုတရစရာနဲ့ တိမ်မြုပ်နေတဲ့ သမိုင်းအစအနတွေကိုလဲ တွေ့ရတတ်လို့ စိတ်ဝင်စားမိတယ်။ မင်းတုန်းမင်းကို သားတော်မြင်းကွန်းတို့ပုန်ကန်တယ်လို့ သိရပေမယ့် မကွေးနဲ့ မြသလွန်နဲ့ ဆက်နွယ်နေတာ ခုမှပဲ ဘုရားသမိုင်းတွေ ထဲက သိရပါတယ်။ မြင်းကွန်းက မကွေးနယ်ထဲက သိပ်မဝေးတဲ့အရပ်က ရှေးဟောင်းစေတီပုထိုးပေါတဲ့မြို့ လောက်ပဲ သာမာန်သိပါတယ်။
စောလူမင်းက ငရမန်ကန်းကို လိုက်လံနှိမ်နင်းရင်း မြန်မာသက္ကရာဇ် ၄၂၅ တန်ဆောင်မုန်း လဆန်း ၈ရက်နေ့မှာ ဉာဏ်တော်အမြင့် ၅၅တောင်အထိ တည်ထားကိုးကွယ်ပါတယ်။ ဒုတိယအကြိမ်အဖြစ် ဆိုပါတော့။ ငရမန်ကန်းအခြေစိုက်တဲ့ မိချောင်းရဲနားက ပြည်တော်သာကျွန်းကလဲ မြင်ကွန်းနဲ့ သိပ်မဝေးပါဘူး။
အလောင်းစည်သူမင်းကြီး သိင်္ဃဝုဠ်ကျွန်း(သီဟို ?) အနုရာဓမမြို့ကအပြန် မကွေးမြသလွန်စေတီ ယွင်းယိုနေတာ မြင်တဲ့အတွက် ပြင်ဆင်ပြီး ရွှေကိုယ်ကို ရွှေသင်္ကန်းကပ်လှုတယ်။ ဘေးလောင်းတော် စောလူးနဲ့ ဘိုးလောင်းတော်ကျန်စစ်မင်းတို့လှူတဲ့အတိုင်း ဝတ်မြေကိုလှူတယ်။
တတိယအကြိမ်အဖြစ်က မင်းတုန်းမင်းလက်ထက် မြန်မာနှစ် ၁၂၁၉ တပေါင်းလပြည့်မှာ မြသလွန်ကို ပြုပြင်တည်တာပါ။
မြန်မာနှစ် ၁၂၁၀မှာ မြေငလျင်လှုပ်ပြီး ပြိုကျပျက်စီးခဲ့တာကို မင်းတုန်းမင်းရဲ့ အမိန့်အရ မကွေးမြို့သူကြီး သမန္တစည်သူက ဉာဏ်တော် ၆၆တောင် ၂မိုက်ထိ မြှင့်တည်ခဲ့ပါတယ်။
တခြားဘုရားသမိုင်းတခုမှာတော့ ၁၂၀၉မှာ ငလျင်ဒါဏ်ကြောင့် မြသလွန်စေတီပြိုကျပျက်စီးတယ်။ မင်းတုန်းမင်းကြီးလက်ထက်ကျမှ ဘုရင်ခွင့်ပြုချက်အရ မကွေးမြို့သူကြီး မင်းထင် မင်းလှကျော်ခေါင်က သံတောင် ၆၆တောင် ၂မိုက်ထိ တိုးမြှင့်တည်ထားပြီး အချင်း ၅တောင် ၂မိုက် အစောက် ၁၇တောင်ရှိ ထီးတော်ကြီးကိုပါ တင်လှူပူဇော်ခဲ့ပါတယ်။
မကွေးမြို့သူကြီးနာမည်က ၂မျိုးဖြစ်နေတာ နောက်ဘုရားသမိုင်းတခု ထပ်ဖတ်ရတဲ့အခါ ရှင်းလင်းသွားပါတယ်။
အမရပူရမြို(ဒုတိယမြို့တည်) ကုန်းဘောင်မင်းတရားလက်ထက်ကုန်းဘောင်မင်းတရားလက်ထက် မြန်မာနှစ်၁၂၀၀ပြည့်နှစ်(ခရစ်နှစ် ၁၈၃၈)မှာ မြေငလျင်ကြီး ပြင်းပြင်းထန်ထန်လှုပ်တယ်။
ဘကြီးတော်လို့ခေါ်တဲ့ စစ်ကိုင်းမင်း(ခရစ်နှစ် ၁၈၁၉-၁၈၃၇၊ မြန်မာသက္ကရာဇ် ၁၁၈၁-၁၁၉၉)ဆိုတော့ သာယာဝတီမင်း (ခေါ်) ရွှေဘိုမင်း (ခေါ်) ကုန်းဘောင်မင်း(ခရစ်နှစ် ၁၈၃၇-၁၈၄၆) လက်ထက်အစပိုင်း မင်းပြောင်းမင်းလွဲကာလ နန်းတွင်းရေးတင်းမာချိန်မှာ ငလျင် အကြီးအကျယ်လှုပ်တာဖြစ်နိုင်ပါတယ်။
အဲ့ဒီ ငလျင်ကြောင့် မြသလွန်စေတီ ဖောင်းရစ်အထိ ပြိုပျက်တယ်။ ၁၉နှစ်တိုင်တိုင် ယိုယွင်းနေခဲ့တယ်။
မင်းတုန်းမင်းကြီးဘက်ထက် ၁၂၁၉မှာလည်း ဒုတိကတကြိမ် ငလျင်ကြီး ထပ်လှူပ်ပြီး ပျက်စီးပြန်တယ်။ မင်းတုန်းမင်းကြီးရဲ့အမိန်နဲ့ ကိုယ်စားလှယ်တော် အဂ္ဂမဟာသေနာပတိဝန်ရှင်တော် မကွေးမြို့စားမင်း သတိုးမင်းကြီး မဟာမင်းလှ မင်းထင်ဇေယျသူကို စေလွှတ်ပြင်ဆင်စေတယ်။ မကွေးမြို့စားမင်းကြီးက သားရင်းတမျှဖြစ်တော်မူသော မြို့သူကြီး နေမျိုး သမန္တစည်သူကို ကိုယ်တိုင်ကြီးကြပ်စေတယ်။ ပဋ္ဌမဋ္ဌာပနာတိုက်ထိအောင် မကောင်းသည်တို့ကို ဖြိုဖျက်ပြီး အုဋ္ဌ်, ကျောက်! အင်္ဂတေတို့နဲ့ နဂုတ္တမတောင်ခြေကနေ ခိုင်ဖြီးကြီးကျယ်စွာ ၆၆တောင် ၂မိုက်ထိတည်လုပ်ခဲ့တယ်။
သက္ကရာဇ် ၁၂၂၈မှာ မြင်းကွန်းမြို့စား နယ်သီးခြားလို၍ ထွက်တော်မူလေရာ၊ မကွေးမြို့ကို မင်္ဂလာသာစည်လို့ သမုတ်တော်မူပြီး မြဝေဠုနန်းနဲ့ စံမြန်းတော်မူတယ်။ ရွှေ, ငွေပေါက်ပေါက်တွေ၊ ရွှေ, ငွေ ဖရောင်းတိုင်တွေ ရွှေပျဉ်းဘောင်းတော်တွေနဲ့ လှူဒါန်းပူဇော်၍ အလိုတော်ရှိသော ဆုကို ပန်ဆင်ဘူးလေသည်တဲ့။ ပြည့်ပုံ မရပါဘူး။ စောလူးလည်း ဘာဆုတောင်းခဲ့သလဲပဲ။
၁၂၄၃မှာ သီပေါမင်းက မြသလွန်စေတီတော်ကြီးကို ရွှေသင်္ဃန်းကပ်တာ သပိတ်မှောက်အထက်၌သာ အပြီးတိုင်ခဲ့ပါတယ်တဲ့။
မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပြီးနောက် မြန်မာသက္ကရာဇ် ၁၂၅၇မှာရွှေသင်္ဃန်းတော် ကိုယ်လုံးပြည့် ကပ်တယ်။ လျှပ်စစ်နွယ်လို လက်ျာရစ် ခုနှစ်ပတ်ပတ်ပြီး ရောင်ခြည်တွေ ထန်းခုနှစ်ဆင့်လောက် တက်တုံ သက်တုံဖြစ်တာ လူအများထင်ထင်ရှားရှားဖူးရပါသတဲ့။‌
သက္ကရာဇ် ၁၃၂၀( ၁၉၅၈-၅၉ အိမ်စောင့်အစိုးရကာလ)ခုနှစ် တပေါင်းလပြည့်ကျော် ၂ရက်နေ့မှာလည်း စိန်ဖူးတော်အသစ်ကို အများပြည်သူ့ ကောင်းမှုဖြစ့် တင်လှူခဲ့ပါတယ်။ မြန်မာသက္ကရာဇ်က ခရစ်သက္ကရာဇ်နဲ့ ၆၃၈နှစ်ကွာခြားချက် ရှိပါတယ်။
ခရစ်နှစ် အင်္ဂလိပ်နှစ် သိချင်ရင် မြန်မာနှစ်ကို ၆၃၈ ပေါင်းရပါမယ်။
နောက်တိုးအကြောင်းအရာတွေကတော့ စာအုပ်မရှိလို့ မသိပါဘူး။ ဂေါပကတယောက်ကတော့ စာအုပ်လှူမယ်ပြောပါတယ်။
လှူတဲ့စာအုပ်ရတဲ့မရလည်း မြသလွန်ရောက်လို့ ဝယ်ဖြစ်ရင်တော့ အချက်အလက်တချို့ ထပ်ဖြည့်ပါမယ်။

ဇော်မင်းဇော်မင်း
၁၃ ဇွန် ၂၀၂၄

သာသနာသက္ကရာဇ်(မဟာသက္ကရာဇ်)နဲ့ မြန်မာသက္ကရာဇ်က ၁၁၈၂နှစ် ကွာပါတယ်။ ဂေါတမဗုဒ္ဓက မဟာသက္ကရာဇ် ၁၄၈မှာ ပရိနိဗ္ဗာန် စံတော်မူပါတယ်။

ကျမ်းကိုး
၁။ မကွေးမြို့နယ်ဖြစ်စဉ်မှတ်တမ်း – ပြုစုသူ အများ
၂။ မန်းရွှေစက်တော်သမိုင်း – စကုမြို့(မိတ်ဆက်) ဦးညို
၃။ မန်းစက်တော်ရာနှင့် စေတီလေးဆူသမိုင်းမူ ခေါ် မန်းစက်တော်ရာသမိုင်းပေါင်းစုံ – စကုမြို့ အငြိမ်းစား ကျောင်းဆရာကြီး ဦးတင်ရှိန်
၄။ ပါဒစေတီ ‌ရွှေစက်တော်သမိုင်းကြီး – စကုမြို့ ကျောင်းဆရာကြီး ဦးတင်ရှိန်

Leave a Reply

Your email address will not be published.