ပညာရေးက ဘာဖြစ်နေပြီတို့၊ ပညာရေးအဆင့်အတန်းက နိမ့်ကျနေပြီတို့ဆိုတာတွေ ရေးတာ မဟုတ်ပါဘူး။ ကလေးတယောက်ကို စာသင်ရင်း ဇီးရိုးရဲ့ ထူးခြားမှုကို သူရော ကိုယ်ရော မြင်လိုက်ကြတာလေးကို မျှတာပါ။
မြေးက မြေးတဝမ်းကွဲဆိုတော့ တယောက်နဲ့တယောက်ကြားက ချစ်ခြင်းက နီးလိုက်ဝေးလိုက်ပါပဲ။ သူ့အဘိုးအဘွားအရင်းပိုတွယ်တာတော့ မြေးအဘိုးဝမ်းကွဲ အချစ်က မုန့်ပေးမုန့်ယူမျိုးဆန်ပါတယ်။ ကိုယ့်အဘွား ကရင်မကြီးထုံး ငှက်ပျောတခြံကုန်ရင် သူ့မိဘဆီ ပြန်တာပဲကို သတိကပ်ထားရတယ်။ ဒီမြေးတယောက်နဲ့မှ ငယ်ငယ်က အဘွားတွေနား ဘာကြောင့်တွယ်တွယ်တာတာ ကပ်ဖြစ်လဲဆိုတာ ပြန်စဉ်းစားဖြစ်တယ်။ အသက်ကြီးလာတော့ ချိုချိုချဉ်ချဉ်လေးတွေ အာသာပြေ ကြိုက်လာတယ်။ လူပေးသူပေး သားသမီးပေး မုန့်ပဲသွားရည်စာကလဲ မပြတ်ရှိနေတတ်တယ်။ သားသမီးမြေးမြစ်ကလေးပေါက်စတွေဆိုတာကလည်း ချိုချိုချဉ်ချဉ်ကြိုက်ကြတာပဲ။ အဖေအမေတွေက အလုပ်နဲ့လက်မပြတ်တော့ အနားနီးနေတဲ့ အဘိုးအဘွားက မုန့် ပဲ ချိုချဉ်တွေရှိတဲ့ ဘဏ္ဍာတိုက်ပေါ့။ မြေးတွေရဲ့ ဘဏ်စာအုပ်နဲ့ ချက်လက်မှတ်က လက်ဖဝါးလေးတွေနဲ့ သူတို့ရဲ့မျက်နှာပဲပေါ့။ မျက်နှာချိုရာ အဘိုးအဘွားအချစ်တော်ရဲ့ လက်ဖဝါးဘဏ်စာအုပ်ထဲ ထုတ်စရာ Amountပိုများများရှိတယ်။ ဘိုးဘွားဘဏ်ကလဲ အပြင်ဘဏ်လိုပဲ ပိန်လိုက်ဖောင်းလိုက် လှုပ်လှုပ်လဲလဲဖြစ်လိုက်ပါပဲ။
ဟိုတနေ့က မြေးကို သူ့အဘွား(ကိုယ့်ညီမ)က ငွေ ခြောက်ထောင် လှမ်းခဏတောင်းခိုင်းတယ်။ မြေးက လေးနှစ်ကျော်ကျော်ပဲ ရှိတော့ ဝလုံးတောင်ရေးခါစပါ။ မူကြိုလိုလိုတော့ သူ့အမေက ထားတယ်။ မြေးက တစ်ထောင်တန် တရွက်ကိုကြည့်ပြီး ဒါက Oneတဲ့။ သူ့ကို သင်ထားတာရှိသလားတော့ မသိ။ ဖြစ်နိုင်တာက ဒီခေတ်မှာ ဖုန်းတို့ တီဗွီတို့က လက်တကမ်းမှာ ရှိတော့ တချို့အကြောင်းအရာတွေ အလိုလို သိနေတာဖြစ်မယ်။ Five ကိုတော့ သူမသိဘူး။ အမှတ်တမဲ့နေဖြစ်လိုက်တယ်။
နောက်တနေ့ကျ ပူလွန်းတဲ့အချိန် မီးကလည်းလာတာနဲ့ ကိုက်နေတဲ့အချိန် မြေးကို ပန်ကာဖွင့်ပေးဖြစ်တယ်။ ပန်ကာက အရှိန်မြင့် ခလုပ်ထဲက one ခလုပ်ကို သူသိတယ်။ အချောင်းလေးလိုဆိုတော့ ဝမ်းကိုအလွယ်ပိုသိတာဖြစ်မယ်။ တူး၊ သရီးတော့ သူ မသိဘူး။
အဲ့တာနဲ့ အနားဆောင်ထားတဲ့ ကျောက်သင်ပုန်းနဲ့ မြေဖြူကိုယူပြီး သူ့ကို ဝမ်း၊ ထူး၊ သရီး သင်လိုက်တယ်။ ဒီမြေးရဲ့ အသံထွက်က အော်ရယ်ဂျင်နယ်ကို ဘိုသံပေါက်နေတာ။ အမေ ဝင်စားတာလို့ ပြောတာပဲ။ အယုံအကြည်တော့ မရှိပါဘူး။ အမေက ကရင်ဆိုတော့ တီလို့ ကိုယ်တွေ အသံထွက်တာကို ထီ ထွက်တယ်။ ကားကိုဆို ခါးပဲ။ ဒီမြေးကလဲ အမေဝင်စားလား၊ ထွက်စားလားတော့မသိ ဘယ်သူမှ မသင်ရပဲ “ထူး”ပဲ။ ဘယ်လောက်တောင် ထူးလဲဆို ရုပ်ရှင်မင်းသား နေတိုးကို မြေးကအသံထွက်ရင် “နေထိုး”ပဲ။ ညီမဖြစ်သူ သူ့အဘွားကတော့ မျက်ရည်ထွက်အောင် ရီရင်းသူ့မြေးသူ သဘောတွေကျနေတတ်လေရဲ့။ တလောက ညီမအငယ်အိမ်ရောက်တော့၊ မီးလာချိန်နဲ့လဲ တိုက်ဆိုင်နေတော့ တီဗွီဖွင့်ထားတာလဲနဲ့ တိုးတော့ မြေးက နေထိုးကားကြည့်မယ် လို့ပြောတာ ညီမအငယ်က ရေချိုးချင်တယ် ကြားလို့ ရှင်းပြပြီး ရီကြရသေးတယ်။နေထိုးတွေ လေထိုးတွေ ရွေးမနေနိုင်ပါဘူး တီဗွီလိုင်းတွေက ပြတာ ကြည့်ရတာပဲ။ မကြည့်ချင် ပိတ်ပဲလို့ ရှင်းပြရှာတယ်။
အဲ့ဒီ ထူးတဲ့မြေးကို ပန်ကာ ခလုပ်က ဝမ်း ထူး သရီးတွေ ကျောက်သင်ပုန်းမှာ ရေးပြပြီး သင်ပေးလိုက်တယ်။ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ တခါတခါ သူနဲ့ ပန်ကာ နီးနေရင် ခလုပ်နှိပ်ပြောင်းခိုင်းလို့ ရအောင်။
မြေးက အထွန့်တက်လာတယ်။
ဒါက ဘာလဲတဲ့။ ဒါရှိသေးတယ်လေတဲ့။ ဟုတ်သားပဲ အပိတ်ခလုပ် ဇီးရိုးလဲ ရှိတာပဲ။ ဒါနဲ့ ဇီးရိုးပါသင်လိုက်တယ်။ ပိတ်ခိုင်းလို့ပါ ရတာပေါ့။ အရှိန် မြှင့်တာအပြင် ရပ်သင့်တဲ့အချိန် ရပ်ဖို့လဲ လိုတာပဲလေ။ ကျောက်သင်ပုန်းမှာ အလုံးလေးရေးပြပြီး ဒါက ဇီးရိုး၊ ပိတ်တဲ့ခလုပ်၊ ဘာမှ မရှိတဲ့သဘောဆိုတာပါ ရှင်းပြလိုက်တယ်။ သူက ကိုယ်ရေးတဲ့ အဝိုင်းလေးကို ကြည့်ပြီး မဟုတ်ဖူးတဲ့။ မတူဘူးပေါ့။ ဟုတ်သားပဲ ပန်ကာက ဇီးရိုးက အရှည်လေး။ 0 လေး။ ကိုယ်ရေးတာက ဝလုံးလို (၀)လေး။
ပြင်ရေးပြီး သင်ရတယ်။ အဲ့ဒီတော့မှ သင်ကြားရေးက ချောမွေ့သွားတယ်။ သင်ဖို့တောင် တွန့်သွားတယ်။ ကိုယ်ကတောင် သူဆီက ပြန်သင်ယူနေရတွေ ရှိနေတော့။
ကိုယ်တွေတုန်းက ငါးတန်းကျမှ အင်္ဂလိပ်စာ စသင်ရတယ်။ အေ အသေးမှာ လက်ရေး အေစာလုံးနဲ့ ပုံနှိပ်အေ မတူတာမှာ ဘာကြောင့်မတူတာလဲလို့ အထွန့်မတက်ရဲဘူး။ ပုံနှိပ် အေစာလုံးကလဲ ပြဌာန်း၅တန်းကျောင်းစာအုပ်ထဲပဲ မြင်ရတာ။ အပြင်စာအုပ်အနေနဲ့ အင်္ဂလိပ်စာအုပ်ဆိုတာ မမြင်ဘူးသလောက်။ လက်ရေး အေပဲ လေးကြောင်းမျဉ်းထဲ ၅တန်းအရွယ်ကြမှ တကုန်းကုန်း စသင် စရေး ရတာ။ ရေးပေါ့။ အဲ့ပညာရေးထဲ။
ပန်ကာဆိုတာလဲ မမြင်ဖူးခဲ့ပါဘူး။ မီးစက်ကြီးက ဒီဇယ်နဲ့ မောင်းမှ လျှပ်စစ်မီးဆိုတာ လင်းပေမယ့်။ ဒီလောက် မပျက်ပါဘူး။ ယပ်တောင် ခပ်ကြပေမယ့် ဒီခေတ်လောက် စုံပလုံစိအောင် မပူပါဘူး။
အင်း
ဉာဏ်အလင်းဆိုတာ လျှပ်စစ်မီးနဲ့ မဆိုင်ဘူးထင်ရင်တော့ ဒီကလေးတွေ အနာဂါတ် သိပ် လင်းမှာ မဟုတ်ဘူး။
အလင်းစုံရှိမှ သူတို့ကြီးလာတဲ့အချိန်ကျ အပူတွေလည်း ကင်းလေမယ်။ သားသမီးတွေရော၊ မိဘတွေရော။
k
ဧပြီ ၁၂ရက် ၂၀၂၄
Leave a Reply