ကိုဗစ် လှိုင်းသစ်လား

ကိုဗစ်က မျိုးကွဲတွေ ရှိပေမယ့် ကိုဗစ်က ကိုဗစ်ပါပဲ။ Mutation ကြောင့် အခု မပေါ်သေးတဲ့ မျိုးကွဲတွေလည်း ပေါ်လာနိုင်သေးတာပါပဲ။ ကူးပုံက အတူတူပါ။ မျိုးကွဲ ဆိုတာ ထောင်ကဲကြီးနဲ့ ဝတို့က ဆိုတာမျိုးပါ။ ဒိုတီဝတ် ကုလားနဲ့ ပုဆိုးဝတ် ကုလား ကွာသလောက်ပါ။ အဲတော့ ကိုယ့်ဘက်က ကာကွယ်သင့်တာ ကာကွယ်ကြဖို့ပါပဲ။(၁) ကာကွယ်ရေး လိုက်နာမှုပိုင်းမှာ လက်ဆေး၊ Mask တပ်၊ လူစုလူဝေး ရှောင်၊ မလိုအပ်ပဲ အပြင် မထွက်ကြဖို့ပါ။(၂) စီမံခန့်ခွဲမှုပိုင်းမှာ ကာကွယ်ရေး၊ ရောဂါ ရှာဖွေရေး၊ contact tracingနဲ့ ကုသရေးပိုင်းကို စည်းကြပ်တာ စည်းကြပ်ရမှာပါ။ TB Contact Tracing တောင် ဟုတ်တိပတ်တိ ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့တာ ကိုဗစ်ကျမှ လူတွေချည်း အပြစ်တင်နေဖို့ မသင့်ပါ။(၃) အရင်က ရေးခဲ့သလိုပဲ ရင်းမြစ် အကန့်အသတ် ရှိနေတဲ့ အနေအထားမှာ အိမ်တွင်း စောင့်ရှောက်ရေးနဲ့ ဆေးရုံ ဆက်တင်မှာ စောင့်ရှောက်ရေးကို WHO လမ်းညွှန်အတိုင်း အဆင့်အလိုက် ဦးစားပေး ခွဲခြား စီမံရမှာပါ။(၄) နေ့တဓူဝ စားဝတ်နေရေး ရုန်းကန်နေရသူတွေ အတွက် ကျန်းမာရေးအရ ကာကွယ်ရေး စည်းကမ်းတွေနဲ့ စည်းကြပ်ရုံနဲ့ မလုံလောက်ပါ။ လူမှုဖူလုံရေး ကျားကန်ပေးဖို့ လိုပါတယ်။ ကိုယ့်ဘာသာ အစိုးရလို့ သတ်မှတ်ထားသူတွေ လုပ်ကြရမှာပါ။ ဘယ်သူ ဘယ်ဝှာ မသိပါ။ ကျန်းမာရေးနဲ့ လူတွေရဲ့ ဒုက္ခ သုက္ခပဲ သိပါတယ်။(၅) ကိုဗစ်ကို အားစိုက်နေရင်း ပုံမှန် စောင့်ရှောက်မှု ပေးနေကျ သွေးတိုး၊ ဆီးချို၊ နှလုံး၊ HIV၊ တီဘီ၊ ကလေး ကာကွယ်ဆေး ထိုးနှံရေး၊ ဘိန်းအနွယ်ဝင် မူးယစ်ဆေး အစားထိုး မက်သဒုံး တိုက်ကျွေးရေးနဲ့ အရေးပေါ် ကျန်းမာရေး ပြဿနာမျိုး‌တွေကို လစ်လျူရှုပြီး ရင်းလိုက်ရတဲ့ အနေအထား မရောက်ဖို့ အစီအမံ လိုပါတယ်။ ကိုဗစ်ကြောင့် သေနှုန်းကို သိကြပေမယ့် တခြား အပယ်ခံ ရောဂါတွေကြောင့် သေနှုန်းကို မသိကြပါ။ ကိန်းဂဏန်းလည်း မရှိပါ။ ကိန်းဂဏန်း မရှိလို့ မူဝါဒလည်း မရှိတာ မထူးဆန်းပါ။(၆) ပုဂ္ဂလိက ကဏ္ဍကို ဖွင့်ပေးတယ်။ ဘယ်တုန်းကမှ အစိုးရချည်း မနိုင်လို့ ပုဂ္ဂလိကပိုင်းကို အမြတ် ထုတ်ခွင့် ပေးရတာပါ။ ကျန်းမာရေး အသုံးစရိတ်က ဘယ်တုန်းကမှ အောက်ခြေခံ နင်းပြားအထိ ကျန်းမာရေး စောင့်ရှောက်မှု လွယ်လွယ်ကူကူ ရတဲ့အထိ မဖြစ်ခဲ့လို့ပါ။ ပုဂ္ဂလိက ဆေးရုံပိုင်း ဖွင့်တာက သာမန် လူထုအတွက် ထူးမခြားပါ။ ကိုဗစ် လူနာတယောက်ကို အနည်းဆုံး သိန်းတရာကျော် ကုန်မှ ဆေးရုံတက် ကုလို့ရတာ လူလက်တဆုပ်စာပဲ တတ်နိုင်တဲ့ ဆေးရုံမျိုးပါ။ ကိုဗစ် ကုပေးတယ် ဆိုတဲ့ ပုဂ္ဂလိက ဆေးရုံအများစုက ခေတ်ပျက်မှာ သူဌေး လုပ်ကြတာပါ။ တကယ်တမ်းကျ အပယ်ခံတွေကို ရန်ကုန်မြို့မှာ တအိမ် တက်ဆင်း လုပ်ပြီး သဒ္ဓါကြေးနဲ့ လိုက်ကုနေတဲ့ ဆရာဝန်နဲ့ ဆေးလောကသား တချို့ကိုပဲ သာဓု ခေါ်ရမှာ။ သူတို့လို လူတွေ ရှိသေးလို့သာ လူတွေ ခုသာ၊ ခံသာ ဖြစ်ကြရတာပါ။အစိုးရ ဆေးရုံ ဆိုတာလည်း ဒီလောက်ထိ လည်ပတ်နိုင်တာ လူတွေရဲ့ ကုသိုလ်စိတ်၊ ပရဟိတစိတ် ဆိုတဲ့ ယဉ်ကျေးမှု အခံနဲ့ လှူကြတန်းကြလို့ပါ။ သူ့ချည်းက အခွံပါ။ တနိုင်ငံလုံးက ဆေးရုံတွေ ခေတ်အဆက်ဆက် ရှိခဲ့တဲ့ အခြေအနေကို ဆိုလိုပါတယ်။လိုရင်းက၊ လုပ်သင့်တာ ဆက်လုပ်ရင်း မပစ်ပယ်သင့်တာတွေ မပစ်ပယ်ဖို့လည်း လိုပါတယ်။အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းလျှက်။

ဒေါက်တာဉာဏ်မိသားစု ဆေးခန်း၊ကြာအင်းဆိပ်ကြီးမြို့။

2121

Leave a Reply

Your email address will not be published.