14119

ပြည်တွင်းမှ ပြောင်းတန်ချိန် ၁သန်းကျော်ကို သုံးလအတွင်း ပြည်ပသို့တင်ပို့

ရွှေမန်း

ပြည်တွင်းမှ ထွက်ရှိသော ပြောင်းများကို ပြည်ပသို့ တင်ပို့လျက်ရှိရာ ဈေးကောင်းရနေပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီမှ ဇွန်လထိ ပထမသုံးလအတွင်းပြောင်းတန်ချိန် ၁ သန်းကျော်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ပြောင်းကို တရုတ်နှင့် ထိုင်းမှ အများဆုံးဝယ်ယူလျက်ရှိပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများမှ တင်ပို့နေခြင်းဖြစ်သည်ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေက တဆင့်တင်ပို့နေသလို ထိုင်းနိုင်ငံကို တင်ပို့ရာမှာ နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းကလည်း တင်ပို့တယ်။လက်ရှိမှာ အိန္ဒိယဘက်က မြန်မာ့ပြောင်းကို ဝယ်နေတော့ ဈေး ကောင်းရတဲ့ အနေအထားမှာရှိတယ်”ဟု ၎င်းကပြောသည်။

ပြည်တွင်း ပြောင်းဈေးများမှာ ပြည်ပဝယ်လိုအားကောင်းသောကြောင့် ဈေးမြင့်တက်လာရာ လက်ရှိတွင် ပြောင်း တစ်ပိဿာလျင် ငွေကျပ် ၁၄၄၀ -၁၄၆၀ ကြားရှိနေပြီး လာမည့်ပြောင်းစိုက်ရာသီတွင် စိုက်ပျိုးသူများပြားလာ ဖွယ်ရှိကြောင်း ပြောင်းကုန်သည်တချို့ သုံးသပ်ကြသည်။

“အိန္ဒိယကလည်း သူတို့နိုင်ငံရဲ့ ပြောင်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာပြောင်းကို အကောက် ခွန် ကင်း လွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုထားသလို ထိုင်းနိုင်ငံကလည်းဖေဖေါ်ဝါရီလမှ သြဂုတ်လကုန်ပိုင်းထိ အကောက်ခွန် ကင်းလွတ် ခွင့်ပြုထားတယ်။ဒီကာလအတွင်းမှာ Exporter တွေအနေနဲ့ အချိန်မီပြည်ပတင်ပို့ဖို့ လုံးပမ်းနေကြ တယ်”ဟု ဆက်လက်ပြောကြားသည်။

ပြည်ပသို့ ပြောင်းတင်ပို့မှုစာရင်းများအရ ဧပြီလက ပြောင်းတန်ချိန် ၃၉၀ ၀၀၀ ကျော်၊မေလက တန်ချိန် ၃၇၀ ၀၀၀ ကျော်နှင့် ဇွန်လက တန်ချိန် ၃၉၀ ၀၀၀ ကျောင်တင်ပို့ခဲ့ရာ ၃ လတာ ကာလအတွင်းစုစုပေါင်း ပြောင်း တန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆၅ သန်းကျော်ရရှိခဲ့သည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီမှ ဇွန်လအတွင်း ပြည်ပတင်ပို့သည့် ပို့ကုန်များမှ ရရှိသော ပို့ကုန်တန်ဖိုးများမှာ ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ၂၄၇၂ ဒသမ ၁၉၉ သန်းနှင့်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ ၁၁၀၂ ဒသမ ၃၂၁ သန်းရရှိခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.