နန်းကိုချစ်ရင် ခေါပုတ်ကိုလည်း ချစ်ရမယ်တဲ့။ ဒီရေကို စိတ်ဝင်စားတော့ ဗေဒါကိုလည်း စိတ်ဝင်စားတယ်။
“ဗေဒါကို သိနားလည်ချင်လျှင် “ဒီ” အကြောင်းကိုလည်း သိထားသင့်လေသည်”လို့ မောင်ဟုန်ဝမ် (ကထိက)ရဲ့ ဇော်ဂျီနှင့် ကဗျာဆိုတဲ့ ကဗျာလေ့လာချက်စာအုပ်မှာ ဖတ်ရတယ်။
မောင်ဟုန်ဝမ်ဟာ ဗေဒါလမ်းအဖွင့်တွေကို ရေးတဲ့အခါ “ဒီ”အကြောင်းကို လေ့လာပါတယ်။
သူ့စာထဲမှာ “ဗေဒါသည် ရေအတက်အကျကြောင့် အစုန်အဆန် သွားနေရသည်။ ရေအတက်အကျကို ဖြစ်စေသူကား “ဒီ” ဖြစ်သည်”တဲ့။
ပင်လယ်နဲ့ နီးတဲ့ ပင်လယ်ကမ်းခြေတွေနဲ့ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ ပင်လယ်ရေအတက်အကျ ရှိတယ်။ ပင်လယ်ရေတက်တာ ကျတာကို ဒီလို့ ခေါ်ကြတယ်။ ဒီရေတက်တယ်၊ ဒီရေကျတယ်လို့ ခေါ်ကြတယ်။
ပင်လယ်ရေက တစ်နေ့ ၂ကြိမ်တက်တယ်။ ၂ကြိမ် ကျတယ်။
ရေတက်ချိန် ၂ချိန်ကြား ၁၂နာရီနဲ့ ၂၄ ၂ပိုင်း ၁ပိုင်းမိနစ်ကွာတယ်။ ရေကျချိန်ကလည်း တကြိမ်နဲ့တကြိမ် ၁၂နာရီ ၂၄မိနစ်ခွဲ ကွာတယ်။
“ဒီ” ဖြစ်ပေါ်တာက ကမ္ဘာမြေကြီးအပေါ်သက်ရောက်တဲ့ လဆွဲအားကြောင့် ဖြစ်တာ။ လရယ် နေရယ် ကမ္ဘာမြေရယ် မျဉ်းတကြောင်းတည်း အနေအထားဖြစ်နေတဲ့အခါ ဆွဲတဲ့အားက အား ကြီးတယ်။ လရယ် နေရယ် ကမ္ဘာရယ် ထောင့်မှန် အနေအထား ရှိနေတဲ့အခါ ဆွဲအား ယုတ်လျော့တယ်။
ဒါကြောင့် လ နေနဲ့ ကမ္ဘာ သုံးခုတန်းပြီး မျဉ်းတပြေးတည်း ရှိတဲ့ လပြည့် လကွယ် နေ့တွေမှာ ရေတက်ရင် ခါတိုင်းရက်တွေထက် ပိုတက်တယ်။ လရဲ့ ဆွဲအားရော နေရဲ့ ဆွဲအားပါ ကမ္ဘာမြေပေါ် တပြိုင်နက် သက်ရောက်နေလို့ ခါတိုင်းထက် ရေပိုတက်တာ ဖြစ်တယ်။ အဲ့ဒီ လပြည့် လကွယ်ရက်တွေကို ‘ရေထ ရက်’ လို့ ခေါ်ကြတယ်။
လဆန်း (၈)ရက်၊ လဆုတ် /၈)ရက် နေ့တွေမှာ နေ လနဲ့ ကမ္ဘာက ထောင့်မှန်ကျ နေတယ်။ ထောင့်မှန်ကျနေတော့ နေရဲ့ ဆွဲအားနဲ့ လရဲ့ ဆွဲအားက တခုနဲ့တခု ပြန်ဆန့်ကျင်ပြီး ဆွဲအားနည်းသွားတယ်။ ရေတက်ရော ရေကျမှာပါ အရှိန် နည်းသွားတယ်။ အဲဒီရက်တွေကို ရေသေရက်လို့ ခေါ်ကြတယ်။
ဘယ်လိုလဲ ဆိုတော့ ကမ္ဘာမြေဆိုတဲ့ အလယ်က လူကို လနဲ့ နေက တဘက်ဆီက တတန်းထဲ အပြိုင် ဆွဲရင်း နှစ်ယောက်လုံး အားနဲ့ ပိုဆွဲနိုင်သလိုပါပဲ။ နေနဲ့ လက မျဉ်းပြိုင်မဟုတ်ပဲ ကမ္ဘာဆိုတဲ့ အလယ်လူကို ထောင့်မှန် ၉၀ဒီဂရီအနေအထားနဲ့ ဆွဲကြရင် ဆွဲအားမကောင်းသလိုပါပဲ။
နေက ပိုခွန်အားကြီးပြီး ဆွဲအားပိုကောင်းပေမယ့် လရဲ့ ဆွဲအားက ကမ္ဘာမြေအပေါ် ပိုသက်ရောက်တယ်။ ပိုနီးတဲ့ လက ပိုဆွဲနိုင်တယ်။ ကမ္ဘာအပေါ်သက်ရောက်တဲ့ လရဲ့ ဆွဲအားက နေရဲ့ ဆွဲအားထက် နှစ်ဆ ပို အားသက်ရောက်တယ်။
အလယ်က လူ(ကမ္ဘာ)ကို အားသေးတဲ့ လနဲ့ အားကြီးတဲ့ နေက အပြိုင်ဆွဲတဲ့အခါ နေက ခါးကုန်း လက်ဆန့်ဆွဲရတဲ့ ပိုဝေးတဲ့ အခြေအနေက ဆွဲရတော့ သိပ်မဆွဲ နိုင်သလို ဖြစ်သွားတာပါပဲ။
ရေအတက်အကျက တစ်နေရာနဲ့ တစ်နေရာ မတူဘူး။သမုဒ္ဒရာ အလယ်မှာ ရေအတက် အကျက (၂)ပေက (၃)ပေအထိ ကွာခြားတယ်။ ကမ်းရိုးတန်းရှည်တဲ့ ပင်လယ်ကမ်းခြေနဲ့ တဖြည်းဖြည်း ကျဉ်းသွားတဲ့ မြစ်ကွေ့တွေမှာ ရေက အလွန်မြင့်အောင် တက်တယ်။
စစ်တောင်းမြစ်က ခေါင်းလောင်းပုံလို အဝကျယ်ပြီး တဖြည်းဖြည်း ရှူးပြီး ကျဉ်းသွားတယ်။
ဒါ့ကြောင့် ရေထရက်ဖြစ်တဲ့ လပြည့် လကွယ်တွေမှာ အဲ့ဒီနေရာတွေမှာ ဒီရေတက်တဲ့အခါ အလွန် အရှိန်ပြင်းတာ ဖြစ်တယ်။
ရေက မိုမိုမောက်မောက် တက်လာတယ်။ လှိုင်းလုံး လှိုင်းလိပ်ကြီးတွေအဖြစ် အရှိန် ပြင်းပြင်းနဲ့ ဒီရေတက်လာတာက ကြောက်မက်ဖွယ်ရာ အသံကြီးတွေ ဟိန်းထွက်လာတယ်။
ဒီမရောက်ခင် ဒီတက်လာတာကို ကမ်းပေါ်က ကြည့်ရင် ရေတံတိုင်းကြီး ရွေ့လာတယ်လို့ မြင်တွေ့ရတော့ ကြက်သီးထစရာကြီးပေါ့။ အဲ့ဒီ ရေတံတိုင်းကြီးတွေက ပေပေါင်းများစွာ မြင့်တယ်။ အဲ့ဒီလို ရေလုံးကြီးတွေ ရိုက်ခတ်ပြီး ဒီတက်တာကို ဒီလုံး ရိုက်တယ်လို့ ခေါ်တယ်။
အဲ့ဒီ ရေလှိုင်းကြီးတွေက ကြောက်စရာ ကောင်းပေမယ့် ရေလွှာလျှောစီးလို့ ပိုကောင်းမလားပဲ။
ကြောက်စရာကို လူသားတွေက အလှအပအဖြစ် အနုပညာအဖြစ် အောင်နိုင် နိုင်တယ်။
“ဒီ”က မြန်မာနိုင်ငံမှာ ရန်ကုန်မြစ်နဲ့ ဧရာဝတီမြစ် ဆုံရာ ညောင်တုန်းမြို့ အထိ ဒီရေအတက် အကျ ရှိတယ်။ ညောင်တုန်းမြို့အထက် ဧရာဝတီမြစ်မှာ ရေတက်ရေကျ မရှိဘူးလို့ သိရတယ်။
ဒီရေကို မြန်မာနည်း မြန်မာဟန်နဲ့ သင်္ကေတ လုပ်ထားတယ်။ ၁၀ မတ် ၂ကျပ်ခွဲ ဆိုပြီး။ ဒိရေအတက် အကျကို လွယ်လွယ် မှတ်လို့ ရအောင်ပေါ့။
နာရီတစ်နာရီမှာ ၄မတ်ရှိတယ်။ တစ်ကျပ်မှာ ၄မတ် ရှိတယ်။
ပင်လယ်နားနီးတဲ့ မြန်မာတွေရဲ့ ရိုးရာ မှတ်နည်း ဆိုပါတော့။ ကျပ်တွေ မတ်တွေနဲ့ နာရီကို သင်္ကေတ လုပ်ထားတာ။ တစ်မတ်က ၁၅မိနစ်။ တစ်ကျပ်က မိနစ် ၆၀။ အခုမှ တစ်ကျပ်မှာ ပြားတစ်ရာ၊ တစ်မတ်မှာ ၂၅ပြားရှိလာတာ။ အင်္ဂလိပ်ခေတ် တစ်ကျပ်က ၈၄ ပြားလား ရှိတာ။ အင်္ဂလိပ်ရဲ့ ကိုလိုနီနိုင်ငံအရေအတွက်ကို ပြားလုပ်ထားတာလို့ ကြားဖူးတယ်။ တစ်ကျပ်မှာ ပြားတစ်ရာမရှိချိန်၊ တစ်နာရီမှာလဲ မိနစ်တစ်ရာမရှိတော့ ကိုယ့်သင်္ကေတနဲ့ ကိုယ် တစ်ကျပ်မှာ ၄မတ်ရှိပြီး၊ တစ်နာရီက ၄မတ်နဲ့ ညီမျှတယ် လုပ်ထားတော့ ဒီရေအတက်အကျ သိချင်ရင် အဲ့ဒီ ပုံသေနည်းနဲ့ တွက်ယူရင် အမြန်တွက်လို ချက်လို့ရတယ်။
ဒီရေအတက်အကျက လနဲ့ ဆိုင်တယ်။ လရဲ့ ဆွဲအားနဲ့ ဆိုင်တယ်။ လပြည့်ရက်တွေက ရေထရက် ရေတက်ရက်၊ လကွယ်ရက်တွေက ရေသေရက် ရေသိပ်မတက်တဲ့ရက်။ မြန်မာပြက္ခဒိန်က လကို အခြေပြုထားတော့ တစ်လနဲ့ တစ်လ ရက်ရှိတာ မတူဘူး။ လပြည်ဖို့ ၁၅ရက်၊ လကွယ်ဖို့ ၁၅ရက်ဆိုတဲ့ တစ်လ ရက် ၃၀စီ ရှိတာ မဟုတ်ဘူး။ တချို့လက ရက် ၃၀ရှိတယ်။ တချို့လက ၂၉ရက်ပဲ ရှိတယ်။ ၂၉ရက်ပဲ ရှိတဲ့ လက လကွယ်ရက်ပြည့်ဖို့က ၁၄ရက်ပဲ ရှိတယ်။ တော်သေးတာက ရက် ၃၀ရှိတဲ့ လနဲ့ ၂၉ရက်ပဲ ရှိတဲ့ လက တလှည့်စီ လာလို့။ ငယ်ငယ်က ကျက်ခဲ့ရတာက တခူးရက် မစုံ ၂၉၊ ကဆုန် ရက်စုံ ၃၀။ (မရွတ်တာ ကြာတော့ တခူး ရက်မစုံ ၂၉ ဟုတ်မဟုတ် ပြက္ခဒိန်ကို ထကြည့် ရတယ်။ တခူး၊ ကဆုန်၊ နယုန်၊ ဝါဆို ဆိုပြီး တပေါင်းထိ ၂၉၊ ၃၀ တလှည့်စီပဲ။ ဝါထပ်တာတို့ ဝါကြီး ထပ်တာတို့ပါဆိုရင် ပို ရှုပ်သွားမယ်။
ဒီရေက တစ်နေ့ကို ၂ကြိမ်တက်ပြီး ၂ကြိမ် ကျတယ်။ မနက် ၆နာရီ ရေတက်ရင် ညနေ ၆နာရီ တကြိမ် ပြန်ထပ်တက်တယ်။
လဆန်း၁၄ရက် ဆိုပါတော့။ ၁၄ကို ကျပ်တွေ မတ်တွေနဲ့ နာရီ ဖွဲ့ကြည့်ရင်။ ၄မတ်ကို တစ်ကျပ်။ ၁၄ရက်နေ့ ဆို ၁၄မတ်။ လေး သုံးလီ ၁၂ဆိုတော့ ၃နာရီနဲ့ ၂မတ် ရှိတယ်။ ၁၄ရက်ဆိုတာရဲ့ ၁၄နာရီထဲကနေ ၃နာရီနဲ့ ၂မတ် (၃နာရီခွဲ)ကို နှုတ်လိုက်တော့ (၁၄ အနှုတ် ၃.၅) (၁၄ – ၃.၅ = ၁၀.၅) မနက် ၁၀နာရီခွဲမှာ ပင်လယ်ဝ သံလျက်စွန်းမှာ ရေစတက်မယ်။ ကျနော်တို့ မြို့က ပင်လယ်ဝနဲ့ မိုင် ၃၀လောက်ကွာတော့ ဒိရေရောက်ဖို့ ၂နာရီလောက် ကြာမယ်။ ပင်လယ်ဝ ရေစတက်ချိန် ၁၀နာရီခွဲနဲ့ ၂နာရီပေါင်း နေ့လယ် ၁၂နာရီခွဲလောက် ရေစတက်မယ်။
မနက် ၆နာရီ တက်တဲ့ ဒိရေက နေ့လယ် မွန်းတည့်ချိန် ၁၂နာရီမှာ ပြန်ကျတယ်။ ညနေ ၆နာရီ ဒီရေတက်တယ်ဆို ည ၁၂နာရီမှာ ရေပြန်ကျတယ်။ ဒါကြောင့် နေ့လယ် ၁၂နာရိက ညနေ ၆နာရီထိနဲ့၊ ည ၁၂နာရီက မနက် ၆နာရီ ထိက ရေသေနေတဲ့ အချိန် ဖြစ်တယ်။
ပင်လယ်ရေ ကူးမယ် ဆိုရင် ကမ်းစပ်မှာ ရေ ရှိနေချိန်ကို ချိန်ဆ သွားရမယ်။
လပြည့်နေ့က ၁၅ရက်နေ့ဆိုတော့ ၁၅မတ်။ ၁၅မတ်ဆိုတော့ ၃နာရီနဲ့ ၄၅မိနစ်ရမယ်။ ၁၅ထဲက ၃.၄၅နှုတ်။ ၁၁နာရီနဲ့ ၁၅မိနစ်မှာ ပင်လယ်ဝမှာ ရေ စတက်မယ်။၆နာရီအကြာ ၁၅နာရီနဲ့ ၁၅မိနစ်(ညနေ ၃နာရီ ၁၅မိနစ်)မှာ ရေပြန်ကျမယ်။
လဆန်း ၁၂ရက်ဆို ၁၂မတ်။ ၁၂မတ်ဆိုတော့ ၃နာရီ။
၁၂ထဲက ၃နှုတ်။ လဆန်း ၁၂ရက်ဆို မနက် ၉နာရီ ရေစတက်မယ်။ ၉ အပေါင်း ၆ ညီမျှခြင် ၁၅ ဆိုတော့ ညနေ ၃နာရီ ရေပြန်ကျမယ်။ ညနေ ၆နာရီမှာ ပင်လယ်ရေက ကမ်းနဲ့ အဝေးဆုံး ဖြစ်နေမယ်။ ရေကူးချင်ရင်တော့ ညနေ ၉နာရီမှ ရေစတက်မှာ ဆိုတော့ ပင်လယ်ရေကူးဖို့ ညမှ အဆင်ပြေဆုံး ဖြစ်နေမယ်။
လဆန်း ၁၃ရက်ဆို ၁၃မတ်။ ၁၃မတ်ဆိုတော့ ၃နာရီ ၁၅မိနစ်။ ၁၃ ထဲက ၃.၁၅နှုတ်။ မနက် ၉နာရီ ၄၅ ပင်လယ် ဝမှာ ရေစတက်မယ်။ ညနေ ၅နာရီ၄၅မှာ ဒီရေ စ,ပြီးပြန်ကျမယ်။
ဒီရေက လေ့လာ လေလေ စိတ်ဝင်စားစရာကောင်းလေပါပဲ။
မြန်မာ လမှာ လဆန်း ၁ရက်က ၁၅ရက်ထိနဲ့ လဆုတ် ၁ရက်က ၁၅ရက်ထိ( ရက်မစုံလဆို ၁၄ရက်)နဲ့ ရက် ၃၀(၂၉)ထိ ၁ကနေ ၁၅ထိ ၂ပြန် ရှိတယ်။
လပြည့် လကွယ် ရေ အပြည့်ဆုံးလို ထင်တာ မဟုတ်ဘူးတဲ့။ ဘယ်လ မဆို ၅ရက်နေက ခေါင်ရေ၊ ရေအမြင့်ဆုံးထိ တက်တဲ့ရက်။ ၁၀ရက်နေ့က ရေအနည်းဆုံးဖြစ်ပြီး၊ ရေစင်းစင်းသေတဲ့ရက်။ ရေအကျ(အနိမ့်)ဆုံးထိ ရောက်သွားတဲ့ရက်။ လတလမှာ ရေပြန်တက်တဲ့ ရက်က ၁၁ရက်နေ့။ အနိမ့်ဆုံးအမှတ်က ပြန်တက်တာရယ်၊ လရဲ့ ဖြစ်တတ်တဲ့ အနေအထားရယ်ကြောင့် ၁၁ရက်နေ့မှာ ပြန်တက်ပေမယ့် သိပ်မသိသာဘူး။တံငါသမားတွေအခေါ် ရေဦးစတာ ၁၁၊ ၁၂၊ ၁၃ရက်တွေ။
၁၅ရက်ထိ အတက်နည်းတယ်။ ၁ရက်၊ ၂ရက်၊ ၃ရက်နေ့တွေဆို ရေတွေများလာပြီ၊ တက်တာလည်း ပို မြင့်လာပြီ။ ၅ရက်နေ့က ခေါင်ရေ အမြင့်ဆုံးထိတက်တဲ့ရက်။ ၆ရက်နေ့ ရေပြန်ကျသွားပြီ။ ၆၊ ၇၊ ၈၊ ၉ တဖြေးဖြေး ကျနေတာ နောက်လ ၁၀ရက်နေ့ ပြန်ရောက်ရင် ရေစင်းစင်းသေ သွားတယ်။ ဒီရေ အနိမ့်ဆုံး ဖြစ်သွားပြီ။ ၁၁ရက့်နေ့က စ, ရေ နည်းနည်းချင်းတက်လာ၊ ၅ရက်နေ့ ခေါင်ရေ ဖြစ်ပြီး အဲ့ဒီလမှာ အမြင့်ဆုံး အနေအထား ထိ ရေတက်တယ်။
ရေတက်တဲ့ အချိန်က တချိန်နဲ့တချိန်ကြား ၁၂နာရီ ၂၄မိနစ်ခွဲ ကြာတာ တူပေမယ့် တလနဲ့ တလ ရေတက်တာ မတူဘူး။ တချို့လ ရေပိုတက်တယ်။
အများဆုံးတက်တဲ့ လတွေက ဝါဆိုနဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေ ဖြစ်တယ်။ ရေအနည်းဆုံးက ပြာသို၊ တပို့တွဲလတွေ ဖြစ်တယ်။ ဝါဆိုလချင်းတူပေမယ့် ဝါကြီး ထပ်တဲ့ ဝါဆိုလမှ ရေပိုတက်တယ်လို့ မြစ်ထဲက ပင်လယ်နားနီးတဲ့ တံငါတွေက သူတို့အတွေ့အကြုံအရ ပြောကြတယ်။ မိုးရွာတာ မရွာတာ၊ အပေါ် ဧရာဝတီမြစ်ရေ အဆင်းများတာ မများတာနဲ့ ဆိုင်သလို ရှိသလို၊ ပင်လယ်ရေနဲ့ကလည်း ဆက်နွယ်နေပြန်တယ်။
တလချင်း၊ တနေ့ချင်း ဒီရေ ဘယ်ထိတက်တယ်၊ မတက်ဖူးက မြစ်ထဲက ဒီရေ၊ ချောင်းထဲ ဘယ်လောက်ထိ တက်တယ်၊ ကျတယ်ဆိုတာ ကြည့်ပြီး မြစ်ဝကျွန်းပေါ်သားတွေက ‘ဒီ’ကို နားလည်ကြတယ်။
စနေသားကွ နေတက် ရေတက်မှာ မွေးတယ်ဆိုတာ စနေနေ့လည်းဖြစ်တဲ့ နေတက်ရေတက်ချိန် မနက်ခင်း ၅နာရီ ၆နာရီမှာ မွေးသူကို ပြောတာ။ မနက် ၆နာရီ ဝန်းကျင် ရေတက်တဲ့ လဆန်း လဆုတ် ၇ရက်၊ ၈ရက် စနေနေ့ မွေးသူတွေ ဖြစ်မယ်။ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်နားက သူတွေက စနေ နေတက် ရေတက် သဘော ပိုသိလိမ့်မယ်။
ဒီရေက တစ်နေ့ ၂ကြိမ် အတက်အကျ ရှိတော့ မနက်ရေတက်နဲ့ ညရေတက်ကို ကြည့်ပြီး ဒီနေ့က မနေ့ကထက် ရေတက်တယ် ရေဆုတ်တယ်ကို သိကြတယ်။
ရေတက်ဖို့က မနက်ရေတက်အမြင့်ကို မီအောင် ညရေ တက်အမြင့်က လိုက်ပေးရတယ်။
မနက်ရေတက်တာထက် ညရေတက်တာက များရင် နောက်နေ့ ရေတက် ဦးမယ်။ မနက်ရေတက်တာ လောက်ပဲ ညရေတက်ရင် နောက်နေ့ ရေကျတော့မယ်။
ဌာနဆိုင်ရာကတော မြစ်ထဲမှာ ပေ လက်မ အတိုင်း အတာပါတဲ့ တိုင်လေးတွေစိုက်ပြီး အမှတ်အသားပြုတယ်။ တောသူတောင်သား လယ်သမားကတော့ မနက်ရေက ဒီ လမုပင်ခြေလောက်ထိ တက်တယ်။ ညရေတက်က အဲ့ဒီ လမုပင်ခြေထက် များလာရင် နောက်နေ့ ရေတက်မယ်။ ရေတက် ရေကျ ရက်တွေက ပုံမှန် လည်ပတ်နေတဲ့ သဘာဝ ရှိပေမယ့် ရေသား(ရေထုထည်၊ အမြင့်)က တလနဲ့ တလ အနည်း အများရှိတယ်။ ပင်လယ်ရေ၊ မိုးရေ အပေါ်က ဆင်းလာတဲ့ ဧရာဝတီမြစ်ရေပေါ် မူတည်ပြီး အတိုး အဆုတ် ကွာတတ်တယ်။ ဒီမှာလည်း မာယာရှိတယ်။
၅ရက်နေ့က ရေအတက်ဆုံး ခေါင်ရေ ဆိုပေမယ့် ၄ရက်နေ့ ကိုလည်း ကြည့်ရတယ်။ ဥပမာ ၂ရက်နေ့မှာ ၂ပေတက်တယ်။ ၃ရက်နေ့မှာ ၃ပေတက်တယ်။ ၄ရက်နေ့မှာ ၄ပေတက်တယ် ဆိုမယ့် ၅ရက်နေ့မှာ ၄ရက်နေ့ ရေထက် များတက်ချင်မှ တက်မယ်။ ၄ရက်နေ့ ရေထိတော့ ၅ရက်နေ့က တက်တယ်။ ၅ရက်နေ့ ခေါင်ရေက ၄ရက်နေ့ ရေတက်တာလောက်ပဲ ဖြစ်ချင်ဖြစ်မယ်။
၆ရက်နေ့ကတော့ ရေမတက်တော့ဘူး။ ရေ တက်တာ စ, ဆုတ်သွားပြီ။ ၁၀ရက်နေ့ကတော့ အနိမ့်ဆုံး စင်းစင်းသေရက် နောက်နေ့ ၁၁ရက်ဆို ရေဦးနည်းနည်း ထပြီ၊ ရေဦး ကြမ်းလား မကြမ်း တွက်ရပြီ။ ၁၂၊ ၁၃ ရေတက်ပြီ ၅ရက်နေ့ ခေါင်ရေ။ အဲ့ ဒိလိုပဲ ဒီရေက လည်ပြီ ရေတက် ရေကျ ဖြစ်တယ်။ လနဲ့ ဆိုင်တယ်။ လပြည့်ရက်နဲ့ လကွယ်က ရေ တက်တာ ကွာတယ်။
လဆုတ်ရက်ဖြစ်တဲ့ လပြည့်ကျော် ၅ရက် ခေါင်ရေ ရေက၊ လကွယ်ရဲနောက် လဆန်း၅ရက် ခေါင်ရေထက် များတယ်။ လပြည့်ရဲ့ ဆွဲအားကြောင့်ဖြစ်မယ်။
တံငါတွေနဲ့ မြစ်ရေချောင်းရေ အားထားသွားရတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ပင်လယ်က လူတွေက “ဒီ”သဘောကို နားလည်ရတယ်။ မနက်ရေသား(ရေထုထည်)နဲ့ ညရေသား အနည်းအများကို ကြည့်ပြီး ဒီနေ့ထက် မနက်ဖန်ရေပိုတက်မယ် ရေပိုကျမယ် သိကြတယ်။ ချောင်းတွေထဲ ရေဘယ်ထိ ရောက်မယ် မရောက်ဘူး ချိန်ဆပြီး သမ္မန်တွေ မော်တော်တွေ ဘယ်နားထိပဲ ကမ်းကပ်လို့ ရမယ်ဆိုတာ နားလည်ကြတယ်။ စပါးကို ကျိတ်ခွဲ ရောင်းချဖို့နဲ့ ကုန်စည် သယ်နိုင်ဖို့ လုပ်ကြရတယ်။
အချိန်နဲ့ ဒီရေက လူကို မစောင့် ဆိုပေမယ့် အချိန်ကို တန်ဘိုးထားရင် ဒီရေကို အသုံးချလို့ရတယ်။
‘ဒီ’ရဲ့ ဇာတ်ဆရာက ‘လ’။ ‘လ’က ဇာတ်လမ်း အတက် အကျ၊ လှည့်ကွက်နဲ့ ဇာတ်ရှိန်ကို မြှင့်နိုင်သူ။
ဒါပေမယ့်
ဗေဒါရဲ့ ဇာတ်လမ်းမှာ ဒီက လူကြမ်း။
‘ဒီ’က စိတ်ဝင်စားစရာ။ အရှိန်တွေ အဟုန်တွေရဲ့ မာယာက ရိုးရှင်းနေရင်းက ဆန်းပြားတယ်။
ဇော်မင်း ဇော်မင်း
၂၇/ ၂၈ အောက်တိုဘာ ၂၀၂၄
Leave a Reply