သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား

မန္တလေး ဧပြီ ၁၈

မန္တလေးငလျင်ကြီး ထိခိုက်ခံရသည့် ပြည်သူများအား နေထိုင်မှု ပိုမိုအဆင်ပြေစေရေးအတွက် သုဓမ္မာဇရပ် ၁၅ ဆောင်မှ အောင်မြေသာစံမြို့နယ် ကုသိုလ်တော် ဘုရားဝင်းနှင့်  ၁၄လမ်း ၊ ၆၃လမ်းနှင့် ၆၄ လမ်းကြားရှိ အမှတ် ၁၇ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယာယီပြောင်းရွေ့နေထိုင်ရန် သက်ဆိုင်ရာက နေရာချထားပေးခဲ့သည်။

ထိုသို့ နေရာဖြန့်ခွဲထားရှိရာ ဥပုသ်တော်ရပ်ကွက်၊ ဌာနေ အရှေ့ /အနောက်  စုစုပေါင်း ၃ ရပ်ကွက်မှ  အိမ်ထောင်စု  ၃၆ စု၊ လူဦးရေ ၁၃၃ ယောက်အား ကုသိုလ်တော်ဘုရားဝင်း အတွင်းတွင် လည်းကောင်း၊ အထက (၁၇) ကျောင်းဝင်း အတွင်း၌ ပုလဲငွေရောင်ရပ်ကွက်မှ အိမ်ထောင်စု ၁၃၀၊ လူဦးရေ  ၅၀၀ အား  ယာယီတဲ အလုံး ၂၀ နှင့် ကျောင်းဆောင်များ အတွင်း၌ လည်းကောင်း ထားရှိနေရာချထားကာ ယာယီ နေထိုင်‌စေလျက်ရှိသည်။

အဆိုပါ နေထိုင်သူများမှာ အန္တရာယ်ရှိအဆောက်အဦအနီး နေထိုင်သူများနှင့်‌ နေအိမ်များ ပြိုကျပျက်စီးသွားသူများဖြစ်ကြပြီး ထို​သို့ ယာယီပြောင်းရွေ့နေထိုင်သူများ အခက်အခဲ မရှိစေရေးအတွက် နေ့လယ်စာနှင့် ညနေစာများကို ရွှေသံလွင်ကုမ္ပဏီနှင့်  World Centreal Kitchen တို့က နေ့စဥ် စားသုံးနိုင်ရန် လှူဒါန်း ပေးလျက်ရှိသည်။

အဆိုပါ ယာယီနေထိုင်သူများ အတွက် သုံးရေ ဖြည့်ဆည်ပေးခြင်း၊ အမှိုက်နှင့် မိလ္လာများအား နံနက်၊‌ နေ့၊ ည သိမ်းဆည်းပေးခြင်း၊ သန့်စင်ခန်းများ ထားရှိပေးခြင်းများကို  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက နေ့စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလှူရှင်များအနေဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ယာယီကွပ်ကဲရုံးနှင့် ယာယီနေထိုင်သူများထံ တိုက်ရိုက်လာရောက်လှူဒါန်းနိုင်ကြောင်းသိရသည်။

ရွှေမန်း

Leave a Reply

Your email address will not be published.