ယခင် ဗူးသီး၊ ခု ဘူးသီး နောက် ဘူးသီးက ပိုကြီးပြီ

ဘူးသီး ဘယ်တုန်းကမှ ဗူးမသီးခဲ့ဘူးဆိုတဲ့ စာ ဖတ်လိုက်ရပါတယ်။
မြန်မာစာ စာလုံးပေါင်း ပေါင်းရင် ဘူးသီးလို့ ရေးရတယ်။ ဗူးသီးလို့ မရေးရဘူးဆိုတဲ့ သဘောပါ။
လက်ရှိပြဌာန်းသတ်ပုံအရ ဘူးသီးလို့ရေးတာက အမှန်ဖြစ်တယ်။ ဗူးသီးလို့ မရေးရဘူးဆိုလိုချင်ပုံပါ။
ဗူးသီးလို့ ဘယ်တုန်း၊ ဘယ်ကာလကမှ ရှေးသူတွေ မရေးခဲ့ကြဘူးလား။
ရှာကြည့်တဲ့အခါ ရှေးက ဗူးသီးလို့ အတော်များများ ရှေးထုံးရှိခဲ့ပါတယ်။ ရေးထုံးက ရှေးအစဉ်အဆက်က မြန်မာပညာရှိတို့ ကြောင်းကျိုးဆင်ခြင် ရေးခဲ့တဲ့ အစဉ်အလာပါ။ လက်ရှိသတ်ပုံစနစ်ကတော့ လက်ရှိ ပညာရှိတွေနဲ့ ယခင်ထက်နည်းနည်းစောစောကမြန်မာပညာရှိတွေ ပိုနှစ်သက် အသုံးပြုလာဟန်တူပါတယ်။
မဟာဇေယသခ်ရဲ့ ဝေါဟာရလီနနတ္ထဒီပနီ သစ်ပင်တို့၏ သဒ္ဒါစွဲဝေါဟာရအခန်းမှာ
အလာဗု = ဗူးပင်
ဗူးပင်, ဗူးသီးဟု ခေါ်ဝေါ်ရေးသားကြသည်မှာ – အဘိဓာန်ကျမ်းတွင် “တုမ္ဗံ၊ ဗူး။ အလာဗြ၊ ဗူး။ လာဗု၊ ဗူး”ဟူ၍ ပရိယာယ် ၃-ပုဒ် ပြသည်။
မြန်မာဘာသာအခေါ် အဝေါ်မှာ-
အလာဗု? လာဗု-ဟူသော ၂-ပုဒ်တွင် အ-အက္ခရာ, လာအက္ခရာကျေ၍ အဆုံး၌ရှိသော ဗုအက္ခရာတွင် ဥသရကို ဦဒီဃ ဝိသဇ္ဇနီထိုးနှင့် (ဗူး)ဟူ၍ ရေးသား ခေါ်ဝွါ်ကြသည်
မြန်မာအက္ခရာမှာ စတုတ္ထက္ခရာ ဘ-ကုန်းနှင့် ရေးထုံး ပြုကြသည်။ လာဗု-ဟူသော သဒ္ဒါနေ ပုဒ်နေကိုထောက်လျှင် တတိယက္ခရာ ဗ-ထက်ချိုင့်နှင့် သင့်လျော်သည်။
ထိုအလာဗု, လာဗုဟူသော ပြဒ်၏ ဝစနတ္တအရ အဓိပ္ပါယ်မှာ အဘိဓာန်ဋီကာတွင်- “အာပုဗ္ဗော လမ္ဗ- အဝသံသန၊ အလာဗု”ဟူ၍၎င်း၊ “အလာပေ လာဗု”ဟူ၍၎င်း၊ ဋီကာဖွင့်သည်။ အနက်ကား- အာပုဗ္ဗော၊ အာရေးှိသော။ လမ္ဗ၊ လမ္ဗသဒ္ဒါသည်။ အဝသံသနေ၊ ဆွဲငြိခြင်း၊ တွဲလွဲဆွဲခြင်း အနက်၌ ဝတ္တတိ၊ ဖြစ်၏။ အလာပေ၊ အ-အက္ခရာကျေရာ၌။ လာဗု၊ လာဗု သဒ္ဒါတည်း ဟူ၍ဆိုသည်။ အလာဗု, လာဗုတို့၏ အဓိပ္ပါယ်မှာ တွဲရရွဲ တွဲခြင်းကိုရသည်။ ထို့ကြောင့် မြန်မာဘာသာ ဗူးဟုခေါ်ရာ၌ မဂဓကိုမှီ၍ ခေါ်ဝေါ်သည် မှတ်ရမည်။ ဆိုပြီး ရှင်းပြထားပါတယ်။
ဦးဖိုးလတ်ရဲ့ မြန်မာစကားအဖွင်ါကျမ်း (မြန်မာအဘိဓာန်ဋီကာ)မှာလဲ – ကြက်ဥ၊ ပဲဥ၊ ငါးဥ ဆိုသည်တို့တွင် ဥ ပုဒ်သည်လည်း ယင်းမူလ ခေါင်း၊ အလုံး၊ အဝန်းဟော ဥပုဒ်ပင် ဖြစ်သည်။ ထို့အတိုင်းဟော ဗု ပုဒ်မှသော် ဗူးသီး၊ ဗူးတောင်း ဆိုသည်တို့၌ ဗူးပုဒ်သို့ သက်ခဲ့သည် ဆိုရာ၏။
ဦးဖိုးလတ်က ဆက်ပြီး ‘ဗူးသီး၊ ဗူးပင်’ ဆိုသည်တွင် ဗူးပုဒ်ကို ပါဠိ၊ သင်္သကရိုက်ဘာသာ ‘ဗူး၊ ဖရုံ’ဟော လာဗု၊ အလာဗု ပုဒ်သက်ဟု ဝေါဟာရလိနတ္ထ ဒီပဏီတွင် ပြဆိုလျက်ရှိသည်။ သို့ရာတွင် ဗူးပင်၊ ဗူးသီးကို မြန်မာနိုင်ငံတွင်းသို့ သင်္သကရိုက်နှင့် ပါဠိဘာသာများ သက်ဝင်လာပြီး နောက်မှသာ မြန်မာတို့တွေ့မြင်၊ ရရှိ၊ စားသုံးလာကြစည် ဟုတ်ပုံမပေါ်၊ ယင်းအပင်နှင့် အသီးတို့မှာ အာရှတိုက် မြောက်ပိုင်း တရုတ်ပြည်၊ တိဗက်ပြည်တို့၌လည်း ရှေးပဝေဏသီကာလကပင် ပြန့်နှံ့လျက်ရှိရာ တရုတ်ဘာသာ, တိဘက်ဘာသာတို့၌လည်း အခေါ်များရှိသည်ကို ထောက်သော်၊ ဗူးကို မြန်မာတို့ မဆွကပင် ဗူးဟူသော အမည်မှာလည်း မြန်မာအမည်ရင်း ဖြစ်တန်ရာသည်။
၈၃၆ခုစွဲ(မြန်မာသက္ကရာဇ်) ကျော်ဆည် စဉ့်ကိုင်နယ်၊ စစင်ရွာ၊ ဘုရားလှကျောက်စာတွင် အိမ်ဖူ (အိမ်ဖူး) ဟူသောအရေးနှင့် အခြားကျောက်စာတစ်ခုတွင် ဖူးရုံ ဟူသော အရေးတို့ကို ထောက်သော် ရှေးက ဗူးကို ဖူး ဟု ရေးခဲ့၍ ခေတ်အရေးအခေါ် ဖရုံ ပုဒ်သည် ဖူးရုံ ပုဒ်သက်ဖြစ်သည်ဟု ယူရာ၏။
ခေါင်း၊ အလုံးအဝန်း၊ အကြီးအကဲကို တိဗက်-မြန်မာဘာသာတွေမှာ ပု၊ ဖု၊ ဗု၊ ဝြ၊ ဥ(အု)ဆိုပြီး တဖြေးဖြေးရွေ့လျား ခေါ်လာတယ်။ ဥ(အု) က ဥန်း(အုန်း) ဥရှစ် ဖြစ်လာတယ်။ ဗူးသီးက အုန်းသီး၊ ဥရှစ်သီးလို လူရဲ့ ဥခေါင်းနဲ့ တူတဲ့ အလုံးအဝန်းပဲဖြစ်လို့ ခေါင်းသီး၊ လုံးဝန်းတဲ့အသီး ဆိုတဲ့အနက်နဲ့ ဖုသီး၊ ဖုးသီး၊ ဗူးသီးလို့ခေါ်ခဲ့ကြတာလို့ ယူဆမှသာ သဘာဝနဲ့ ဆီလျော်မယ်လို့ ထင်မိတယ်လို့ ဦးဖိုးလတ်က ယူဆတယ်။
ဦးသာမြတ်ရဲ့ မြန်မာစာရေးထုံးကျမ်းမှာ ဗူးပင်၊ ဗူးသီး၊ ရေဗူး၊ ဗူးဆို့၊ ဗူးသွင်းသည်လို့ တွေ့ရပါတယ်။
ဗူးတာ ဘူးတာကို ဆက်ရှာကြည့်ပါတယ်။ မြန်မာမင်းလွှတ်တော်သုံးသတ်ပုံ စိန္တကျော်သူ ဦးဩရဲ့ ကဝလက္ခဏာသတ်ပုံ သတ်ပေါက် အုံ၊ အုမ် ကာရန်မှာ အလှကြာရုံ၊ ဘူးနှစ်အုံ၊ လေးစုံတည်၍ ရေးလို့ ဘူးကို သွယ်ဝိုက် တွေ့ရပါတယ်။
ဦးဝန် (မင်းသုဝဏ်)ရဲ့ တက္ကသိုလ်မြန်မာသတ်ညွှန်း ကျမ်းမှာလဲ ဘူးနုပ် စကားလုံးကို နွယ်ငန်း နွယ်ပုပ်၊ ဆေးကန့်ချြပ်၊ ဘူးနုပ်စည်ပင်လှိုင် ဆိုပြီး ကဝိလက္ခဏာသတ်ပုံ (ကဝိလက္ခဏာဒီပနီ) အုပ် ကာရန်ကို ညွှန်းထားပါတယ်။ ယုဒသန်ကလည်း ဘူးပါပဲ။
မြန်မာစာအဖွဲ့ရဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကလည်း ဘူးပါပဲ။
ဗူး ရေးထုံး ဘယ်တုန်းကမှ မရှိခဲ့တာ မဟုတ်ဘူး။ ဗူးဘုရားကို အရင်တခေတ်က ဗူးဘုရားလို့ ရေးခဲ့တယ်။
ဦးသာမြတ်ရဲ့ မြန်မာစာရေးထုံးကျမ်းရဲ့ ကျမ်းဦးစကားမှာ လွတ်လပ်ရေးရစ ပြန်ကြားရေးဌာန- ညွှန်ကြားရေးဝန် ဦးးခင်မောင် ဘီအေက ဗြိတိသျှအစိုးရလက်ထက်တွင်လည်း မြန်မာစာစာလုံးပေါင်းသတ်ပုံများကို ဖတ်ရှုရာတွင် အခက်အခဲကြုံတွေ့ရကြောင်း ပြောဆိုဘူးသည်။ ဗြိတိသျှအစိူရလက်ထက်တွင်လည်း မြန်မာပညာရေး ဆင်ဒီကိတ်အဖွဲ့မှတဆင့် မြန်မာရေးထုံးရေးနည်းကို မူမှန် စံပြုရအောင် စိစဉ်ရေးသားစေရန် စီမံဆောင်ရွက်ဘူးလေသည်လို့ ထင်မြင်ချက်ကျမ်းဦးစကားဆိုပြီး ရေးပါတယ်။
ဘိုးတော်ဘုရားလက်ထက်ကစပြီးသတ်ပုံသတ်ညွှန်းမှန်ဖို့ အလေးဂရုပြုခဲ့တယ်။ သတ်ပုံကျမ်းတွေက အဆူဆူ။ ဗြိတိသျှအစိုးရရဲ့ သတ်ပုံသတ်ညွှန်းအတိုင်းကိုတော့ အစိုးရအသိအမှတ်ပြု ကျောင်းသုံးစာအုပ်တွေနဲ့ အစိုးရထုတ် စာအုပ်စာတန်းတွေက လိုက်နာခဲ့တယ်။
မြန်မာသတင်းစာတွေထုတ်ဝေတဲ့ ခေတ်ရောက်လာတဲ့အခါ အစိုးရကပြဋ္ဌာန်းတဲ့ သတ်ပုံသတ်ညွှန်းကို လိုက်နာတာနည်းကြတယ်။ အချို့စာအုပ်စာတမ်းတွေမှာပဲ လိုက်နာပြီး အများက မိမိကြိုက်နှစ်သက်တဲ့ သတ်ပုံနဲ့ရေးကြတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာစာရုံးသုံးဘာသာဖြစ်လာတော့ မြန်မာစာသတ်ပုံရေးထုံး ရေးနည်းမှန်ကန်ရေးမှာ အမြန်လုပ်ရမယ့်ကိစ္စဖြစ်လာတယ်။ အဲ့ဒိအချိန်မှာပဲ ဦးသာမြတ်ရဲ့ ‌မြန်မာစာရေးထုံးသတ်ပုံကျမ်းထွက်လာတော့ အထူးအသုံးဝင်ပါတယ်ပေါ့။ မြန်မာစာရေးထုံးကနေ သတ်ပုံကျမ်းတွေ အုပ်ချုပ်သူအဆက်ဆက်အောက်က မြန်မာပညာရှင်တွေ ပြုစုခဲ့ကြပါတယ်။ ပြုစု ပြဋ္ဌာန်းရင်း သတ်ပုံကတော့ ရွေ့နေမှာပါပဲ။ အများရေးရာ သတ်ပုံက လိုက်တာရှိသလို၊ သတ်ပုံကျမ်းပြဋ္ဌာန်းရာ အများက လိုက်နာရတာလဲရှိပါတယ်။ အပြောစကားပြေ အားကောင်းလာတာကလဲ ဂရုပြုစရာပါ။ သတ်ပုံလိုက်နာဖို့မှာ ချစ်ခြင်းမေတ္တာပါလာတဲ့အခါ မေတ္တာမဲ့ရင် မလိုက်နာချင်ကလဲ ရှိလာပါတယ်။
ပြဋ္ဌာန်းချက်ကို မဖြစ်မနေလိုက်နာရမယ့်သူတွေက လိုက်နာရပါတယ်။ မလိုက်နာချင်သူတွေကတော့ မလိုက်နာပဲနေလို့ရရင် မလိုက်နာနဲ့ပေါ့။ ပြဋ္ဌာန်း ဌာန်း၊ မဋ္ဌာန်းဌာန်း လိုက်နာချင်စရာကိုတော့ လိုက်နာကြမှာပါ။
ဒီဆောင်းပါးမှာ ဗူးအသုံး မရှိခဲ့တာ မဟုတ်ပါ။ ရှေးက ရေးခဲ့ သုံးခဲ့တယ်။ ဘယ် ဗူးက၊ ဘူးက ပိုသင့်တယ်ဆို စဉ်းစားမိသွားရင်ပဲ ရေးရကျိုးနပ်ပါတယ်။ ဒီလိုပြဋ္ဌာန်းထားလို့ ဒီလို ကမ္ဘာဆုံးထိ ရေးရမယ်မဟုတ်ပါဘူး။ မြန်မာစာအဖွဲ့က အမြဲ လူထုအသံနဲ့ အသုံးကို ဂရုထားရာက၊ သတ်ပုံကျမ်းမှာ အပြောအသုံးတွေ စလက်ခံလာတာက မြန်မာစာတိုးတက်ဖို့ လက္ခဏာပါ။

ဇော်မင်းဇော်မင်း
၉ ဇွန် ၂၀၂၄

ရဲသိင်္ဂီရေး- ပုဂံမြို့ရှိ တန်ခိုးကြီးဘုရားများ ပုံတော်သမိုင်း ၁၂၉၉(၁၉၃၇)စ ထုတ်ဝေ မှာပါတဲ့ ဗူးဘုရားပုံ

Leave a Reply

Your email address will not be published.