ရွှေမန်း

မြေပဲအထွက်နှုန်းကောင်းမွန် စေရန် စနစ်တကျမြေဩဇာသုံးစွဲ သင့်ကြောင်းနှင့် ထိုမှသာ မြေပဲ အထွက်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မြေပဲသီးနှံကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ မိုးနည်းရပ်ဝန်း ဒေသများဖြစ်သော မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ တွင် အများအပြားစိုက်ပျိုးရာမှာ မြေပဲသီးနှံသည် နုန်းမြေနှင့်သဲ မြေတွင် စိုက်ပျိုးရန် အကောင်း ဆုံးဖြစ်သည်။

ယခုနှစ် မိုးမြေပဲစိုက်ပျိုးရာ ၌ ဇွန်၊ ဇူလိုင် မိုးခေါင်၍ အပင် ကြီးထွားမှုမရှိဘဲ ရပ်တန့်နေရာမှ ဩဂုတ်လတွင် မိုးပြန်လည်ရရှိ ခြင်းကြောင့် အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုရသလောက် အထွက် ယူ ရိတ်သိမ်းရမည့် အခြေအနေ များ တွေ့ရပါသည်။

အဆိုပါတောင်သူများအနေ ဖြင့် စွယ်ချချိန်အတွက် သင့် တော်သည့် ကွန်ပေါင်းမြေဩဇာ ၁၂ ပတ်လည် အိတ်တစ်ဝက် ခန့်ကို ဂျစ်ပဆန်ကျောက်မှုန့်   နှင့် ရောထည့်ပေးခြင်းဖြင့် မြေပဲ သီးနှံပိုမိုရရှိလာမည်ဖြစ်သည်။

ဆောင်းမြေပဲစိုက်တောင်သူ များအနေဖြင့်လည်း စိုက်ခါနီး မြေပြုပြင်ချိန်မှာ သဘာ၀မြေ ဩဇာ တစ်အိတ်နှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ အိတ်တစ်ဝက် နှုန်းထည့်သွင်းရပါမည်။ စိုက်ပျိုး ပြီးတစ်လသားချိန် ပေါင်းရှင်းပြီး ချိန်မှာ နောက်ထပ် နိုက်ထရို ဂျင်အချိုးမြင့်မားသည့် ၂၇း၃း၆ အချိုး တစ်အိတ်နှုန်းနှင့် သီးကင်း ဝင်ချိန်မှာ လိုအပ်လျှင် ကွန်ပေါင်း ဓာတ်မြေဩဇာ အိတ်တစ်ဝက် နှုန်းထည့်သွင်းပေးခြင်းဖြင့် မြေ ပဲအထွက်နှုန်း ပိုမိုကောင်းမွန် စေပါသည်။

ရိတ်သိမ်းမှုအနေဖြင့် မြေပဲ ရင့်မှည့်ချိန်တွင် မြေပဲတောင့်အစို များကို နေပူတွင် ၁၀ရက်ခန့် နေလှန်းပြီး မြေပဲတောင့်အရောင် မပြောင်းအောင် မြေပဲဆန်ကို ခြောက်သွေ့အောင် နေလှန်း ထားပြီးမှ သိမ်းဆည်းခြင်း၊ ရောင်းချခြင်းဖြင့် တောင်သူကြီး များ၏ သီးနှံအထွက်နှုန်းကောင်း မွန်ပြီး စားသုံးသူများလည်း ဘေးအန္တရာယ်ကင်းရှင်းစေမည် ဖြစ်သည်။

လက်ရှိ ပြည်တွင်းဆီစား သုံးမှုပုံစံအရ မြေပဲဆီမှာ ဝယ်လို အားကောင်းနေပြီး ကုန်ကြမ်း မြေပဲဆန်မှာလည်း လိုအပ်ချက်  မြင့်မားနေတာကြောင့် ဈေးကောင်း   ရရှိနေခြင်းဖြစ်သည်။

ဩဂုတ် ၂၀ရက် မန္တလေး ဈေးကွက်တွင် မြေပဲဆီ တစ် ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး မြေပဲလုံး ဆန် တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ မြေပဲဆီဆန်တစ်ပိဿာ လျှင် ငွေကျပ် ၁၀၀၀၀၊ ပဲဖတ် တစ်ပိဿာလျှင် ငွေကျပ် ၆၈၀၀ ပေါက်ဈေးရှိပြီး မြေပဲစိုက်တောင် သူများ အကျိုးအမြတ်များကြောင်း  သိရသည်။    

Leave a Reply

Your email address will not be published.