ကောင်းဇော်
ပေါင်းနှုတ်ထားပြီးကာစ နှမ်းပင်ပျိုတွေက အလှပြင်ဆိုင်က ထွက်လာတဲ့ အပျိုပေါက်တသိုက်လို ယိမ်းသွဲ့ ပျော်မြူးသံလေးတွေ တလွင်လွင်နဲ့ ယာခင်းတွေထဲမှာ လှုပ်ခတ်ဆော့ကစားနေကြတယ်။ အပင်သန်ဆေးတွေ ပက်ဖြန်းထားတော့ နံသာရည်တွေလူးထားတဲ့ ငယ်ရွယ်သူတွေကို အားမာန်ထပ်ဖြည့်ထားသလိုဖြစ်နေတယ်။
“မိုးက လိုနေတယ်။ အရမ်းကို လိုနေတာ။ ငါယာတင် ငါ့ရွာတင် လိုနေတာ မဟုတ်ဘူး။ တနယ်လုံး လိုနေတာ။ နောက်တပတ်မှ မရွာရင် တနယ်လုံး အထွက်ဆုတ်ပြီး ဒုက္ခ အကုန်ရောက်ပြီ”လို့ မကွေး အရှေ့ဘက်ရွာကြီးတရွာက တောင်သူကြီး တဦးက သူ့နှမ်းပင်ပျိုတွေကို ပြရင်း မျှော်လင့်ချက် အကြီးကြီးကို စိုးရိမ်စိတ်လွန်ကဲတဲ့ လေသံနဲ့ ရှင်းပြတယ်။
“မျှော်လင့်တာပေါ့”လို့ အတော်ကြာနေပြီဖြစ်တဲ့ မရွာနိုင်အားတဲ့ မိုးကို မျှော်ရင်းပြောတယ်။
မိုးအများကြီး မရွာလဲ ရေပါတဲ့မိုး ရက်ရှည်ရှည် ရွာဖို့လိုတယ်။ အခုတခါတလေ ရွာတဲ့ မိုးက ကွက်ကြားမိုးသာ ရွာတာဖြစ်တယ်လို့ ပြောပြတယ်။ အဲ့ဒီ တခါတလေရွာတဲ့ မိုးကို ရွာထဲ ရွာရင်တောင်မှ၊ ယာထဲပါ ရွာသလားလို့ ဆိုင်ကယ်စီးပြီး ယာခင်းထဲ ပြေးကြည့်ရသေးတာလို့ ပြောတယ်။ ရွာထဲ ရွာပြီး ယာထဲက နှမ်းခင်းပေါ် မိုးမရွာရင် ရင်ကိုဆို့သွားတာလို့ ဆိုတယ်။
မကွေးနယ်မှာ နှမ်းခင်းတွေထဲ ပေါင်းပင်တွေ နှုတ်ဖို့ အနီးအပါးနယ်က ရွာတွေက လူငှားတွေ ခေါ်ရတယ်။ ပေါင်းနှုတ်သူတွေလဲ အရင် နှစ်နှစ်၊ သုံးနှစ်ကလိုတော့ နေ့ချင်းပြန် မလုပ်နိုင်တော့ဘူး။ ဓာတ်ဆီဈေးကြောင့်ရယ်၊ သွားခင်း လာခင်း မသာ၊ ဖြစ်နိုင်တာကလဲ တကြောင်း ပါတယ်။ အဲ့ဒီတော့ အလုပ်ရှိတဲ့ ရွာထဲက ဆွေစပ်မျိုးစပ်အိမ်တွေမှာပဲ ညအိပ်ညနေ ရက်ရှည် တည်းပြီး အလုပ်လုပ်ကြရတာပေါ့။
မကွေးမြောက်ဘက်က မြို့တမြို့အကြောင်းနဲ့ သူတို့နယ်က တောင်ယာလုပ်ကိုင်သူတွေ အကြောင်း စကားစပ်ကြည့်တော့ မြင်မြင်သမျှ ကျုံ့နေကြောင်း သက်ပြင်းမောနဲ့ ပြန်ပြောပြရှာတယ်။
“မြို့ပေါ် အရောင်းအဝယ်ပါးတယ်။ ရွာတွေက အလာနည်းတော့ အရောင်းအဝယ်လဲ မကောင်းဘူး”လို့ ပြောတယ်။
လူတွေကလဲ ကျုံ့နေတယ်။ နေတာလဲ ကျုံ့၊ စားတာလဲ ကျုံ့၊ သွားတာလဲ ကျုံ့တဲ့အကြောင်း ဆက်ပြောရှာတယ်။
သူတို့နယ်ဘက်တော့ စိုက်ပျိုးထားတာလဲ အဖြစ် လောက်ပဲ။ ဂရုလဲ မစိုက်နိုင်ဘူး။ ကြားပေါင်းလဲ မလိုက်နိုင်။ ရွာကနေ ထွက်အလုပ်လုပ်ဖို့လဲ ခက်၊ မလုပ်လို့ကလဲ ခက်တယ်လို့ သိရတယ်။
နောက်နှစ်အခြေအနေ မေးကြည့်တော့ “ပိုကြပ်မယ်”လို့ပဲ တခွန်းထဲ ပြောတယ်။
အဲ့မြို့က အခြားတယောက်ဆီ ထပ်စူးစမ်းကြည့်တော့ “ရွာကလူတွေ မလာနိုင်တာ ကြာပေါ့”လို့ ပြောတယ်။ ဈေးလာမဝယ်နိုင်တော့ ဘာတွေနဲ့ စားသောက်နေကြလဲ မေးကြည့်တော့ ဆန်က အဓိကပဲလေ။ ဆီနဲ့ ကျန်တာကတော့ လမ်းခင်းပန်းခင်းသာတဲ့အချိန် ဖြတ်ဆို ကျီးကြောင်ကြည့် ဈေးလာဝယ်ရတာလို့ ပြောတယ်။
မေးကြည့်သမျှ လူအတော်များများကတော့ နောက်ဆို ပိုဆိုးမယ်။ ရှာဖွေစားသောက်ရပိုခက်မယ်လို့ချည်း ပြောကြပါတယ်။
အနာဂါတ်အတွက် ခုကတည်းက လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးအောင် ပြင်ဆင်ထားရမယ်လို့ အမြဲ ပြောသလို ကိုယ်တိုင်လဲ သင်တန်းတွေဖွင့်ရင်းတဘက်တလမ်းက အားထုတ်ပေးနေသူကို အနာဂတ်အကြောင်းစကားစပ်ကြည့်တော့” Human Resource (လူ့စွမ်းအားရင်းမြစ်)က ၂မျိုးရှိတာ၊ ၂မျိုးလုံးအပြင်ထွက်နေတော့ အတော်ခက်တယ်”လို့ ညည်းညူတယ်။
ကာယလူ့စွမ်းအားရင်းမြစ်ရော၊ ဉာဏလူ့စွမ်းအားရင်းမြစ်ပါ အနာဂါတ်ရေရာတဲ့ အချိန်တော့ ပြန်လာပြီး တိုင်းပြည်အတွက်တတတ်တအား ပြန်ပါလာမှာပါလို့ သူက ထပ်ပြောပါတယ်။
ရွာဘက်ကျေးဘက်က အပင်အနှံတွေအတွက် မိုးကို မျှောတယ်။ မြို့ဘက်ပိုင်းကလဲ အပူပေါင်းစုံကြားကနေ မိုးလေးတပေါက်နှပေါက်ကို မျှော်ကြတယ်။
မိုးအပြင်တော့ လက်ငင်းဖြစ်ပျက်နေတာပဲ စိတ်ဝင်စားကြောင်းနဲ့ ခပ်ဝေးဝေးထိ တွေးမပူနိုင် အာရုံမရောက်နိုင်ကြောင်း ပြောကြတယ်။ နိုင်ငံ့အကြောင်းစိတ်ဝင်စားတတ်သူတစ်ဦးက ဘာ ကောက်မှ စိတ်မဝင်စားနိုင်ကြပါဘူး။ ချက်ခြင်းလာမှာ မဟုတ်ဘူးဆိုတော့လေလို့ ပြောပါတယ်။
အခြားသူတစ်ဦးကလဲ အဲ့တာကလဲ အိန္ဒိယဇာတ်ကားတွေ၊ ကိုရီးယားကားတွေကို ကြည့်ရသလို ဇာတ်လမ်းက ဘယ်လို အဆုံးသတ်မလဲလို့ ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတဲ့ ရုပ်ရှင်ကားလိုမျိုး မဟုတ်ဘူး ။ မြန်မာပေါကားလိုပဲဆိုတော့ ဇာတ်သိမ်းတဲ့အခါ ဘယ်သူဘာဖြစ်မယ် ခန့်မှန်းနိုင်တယ်။ ဘယ် မင်းသားနဲ့ ဘယ်မင်းသမီး ဘယ်သူနဲ့ ဘယ်သူပေါင်းမယ်။ ဘယ်သူက လူကြမ်းဆိုတော့ ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာ မကြည့်ပဲကို ကြိုသိပြီးသားလေလို့ ပြောတယ်။
စကားထိုင်ပြောကြတဲ့ လက်ဘက်ရည်ဆိုင်က မနက်ပိုင်းဆို အနားက ဌာနဆိုင်ရာပေါင်းစုံက လူတွေနဲ့ စည်ကားပါတယ်။ အခုလို ညနေခင်းမှာတော့ လူတယောက်စ၊ နှစ်ယောက်စပဲ စားသုံးသူရှိတယ်။ လက်ဘက်ရည်အပြင် စားစရာဆိုတာကလည်း မနက်ပိုင်းက ကြော်တဲ့ စမူဆာ ပြင်းတွဲတွဲလေးတွေပဲ ရှိတယ်။
မြို့ပေါ်က လူတွေက အပူသက်သာလို သက်သာမလားလို့ မိုးကိုမျှော်တယ်။ ရင်ထဲက အပူတွေပါ မိုးရွာရင်သက်သာမလားပေါ့။
မကွေးနားက တောင်သူကြီးကတော့ “အထက်မှာ မိုးရွာတာက မြစ်ရေကြီးတာပဲ ရှိမယ်။ ငါတို့ ယာတွေ အတွက် နှမ်းအတွက် လိုတဲ့ မိုးရေ မရဘူးလေ”တဲ့။
ကိုယ့်ယာပေါ်ရွာတဲ့ မိုးကမှ ကိုယ့်မိုးလို့ ရှင်းပြတယ်။
အညာမြေလတ်က တောင်သူတွေက မိုးကိုပဲ အဓိက အားထားမျှော်ပြီး စိုက်ရတယ်။ မိုးမျှမှ သီးနှံအထွက်ကောင်းတာလို့ သိရတယ်။
အရင်က မကွေးနယ်ဟာ နိုင်ငံရဲ့ ဆီအိုကြီး ဖြစ်ခဲ့တယ်။ အဲ့ဒိအချိန်က မကွေးဆီအိုးကြီးကို လာလေ့လာတဲ့ နိုင်ငံခြားသားတွေက တောင်သူတွေကို ဆီထွက်သီးနှံတွေကို ဘယ်က ရေနဲ့ အားပြု စိုက်ပျိုးသလဲ မေးတဲ့အခါ မိုးတခုထဲ အားကိုးစိုက်တယ်လို့ ပြောတဲ့အခါ ခင်ဗျားတို့ အရမ်းသတ္တိရှိတာပဲလို့ ပြောကြတယ်လို့ အဲ့ဒီတောင်သူကြီးက ပြောတယ်။
မိုးအပြင် ဘာမျှော်သေးလဲ မေးကြည့်တော့ မိုးပဲ မျှော်တယ်။ ကုန်ဈေးနှုန်းကျဖို့ဘာညာ မမျှော်ဘူး။ မြေဆီဘာညာကို ရည်ညွှန်းသတ်မှတ်ဈေးလုပ်လဲ မကောင်းဘူး။ မှောင်ခိုဖြစ်ကုန်မယ်လို့ ဆိုတယ်။
သူတို့တော့ အဓိကသဘာဝမြေဩဇာပဲ သုံးတယ်လို့ပြောတယ်။ ဓါတုမြေဩဇာ သုံးတဲ့အခါ ပထမနှစ် ပုလဲမြေဩဇာ အိတ်တဝက်ဆို နောက်နှစ် တအိတ်သုံးရတယ်။ ယာတွေ လယ်တွေကလဲ အရက်သမားလို ဖြစ်သွားတာ ကြာကြာသုံးလေ လစ်မစ်တက်လေ သဘောဖြစ်လာတယ်လို့ ရှင်းပြတယ်။
ဒါ့ကြောင့် စိုက်ပျိုးရေး ပညာရှင်တွေကိုယ်တိုင် လယ်ထဲ ရွာထဲ ထိ လာပညာပေးမှ ပို ကောင်းမယ်။လယ်သမားချင်း ပြောရင် သိပ်မလေးစားဘူး။
သဘာဝမြေဩဇာကို တယောက်ချင်း နှစ်ယောက်ချင်း ကွက်သုံးလို့မရဘူး။ လူတိုင်း အကုန်သုံးမှ လယ်ယာ အပျက်နည်းမယ်၊ နိုင်ငံတကာတန်းဝင်မယ် လို့ ပြောပါတယ်။ သူက သူများနိုင်ငံတွေက အကုန်ဩဂဲနစ်ဖြစ်ကုန်ပြီလို့ ဆိုပါတယ်။
အရာရာ နောက်ကျနေပေမယ့် မျှော်လင်နိုင်တာလေးတွေကိုတော့ အပျက်အစီး အဆုံးအရှုံးနည်းနည်းနဲ့ ရချင်တယ်ဆိုတဲ့ အသံတွေကတော့ နှမ်းပင်ပျိုတွေရဲ့ ဝန်းကျင်မှာ တီးတိုးညည်းနေကြတယ်။
Leave a Reply