တင်လင်းဇော်
ကျွန်တော်သည် ဝါသနာနှင့် ရည်မှန်းချက် တစ်ထပ်တည်းကျသူဖြစ်ပါသည်။ ကျောင်းဆရာ,စာရေးဆရာဖြစ်ချင်သည်။ ဖြစ်နေရပြီ။ ကျောင်းဆရာ ဘဝမှာ တစ်သက်လုံး စာသင်ကြားသူသာဖြစ်သည်။ အုပ်ချုပ်,စီမံ,ခန့်ခွဲရသော ကျောင်းအုပ် စသည် အကြာကြီးမလုပ်ခဲ့ရ။ သင်ကြားရေးမှာသာ အနေကြာခဲ့သည်။ တွဲဖက် ဆရာ ၄ နှစ်၊ အစိုးရဆရာ ၃၆ နှစ် ။ စုစုပေါင်း လုပ်သက် ၄၀ စာသင်ခဲ့သည်။ အခုအငြိမ်းစားယူပြီးလည်း စာသင်နေဆဲဖြစ်သည်။ ၆နှစ်ရှိပြီ။ သို့အတွက် စာသင်နှစ် မှာ ရွှေရတုနီးခဲ့ပါပြီ။ သည်ကာလတစ်လျှောက်လုံး မြန်မာစာချည်းသင်ပေးခဲ့ပါသည်။ စာရေးဆရာ ဖြစ်တော့လည်း မြန်မာစာအခြေခိုင်ရေးဆိုင်ရာ ကဗျာ၊ဆောင်းပါး တွေသာ အရေးများခဲ့ပါသည်။
တေဇ ရုပ်စုံမှာ မြန်မာ ဝေါဟာရ ဆိုင်ရာ ကဗျာတွေချည်း ပုဒ်ရေ ၁၀၀ ကျော်နေပြီ။ အခုလည်း လစဉ်ရေးနေဆဲဖြစ်သည် ။ မိုးသောက်ပန်းမှာ မြန်မာစာအခြေခံခိုင်ခံ့ရေးဆိုင်ရာ ဆောင်းပါးများ အပတ်စဉ်ရေးနေဆဲဖြစ်သည်။ တစ်လ ၄ ပုဒ်နှုန်းဖြင့် ၄,၅ လ ရှိနေပြီ။ စာသင်ဝိုင်းတွေမှာလည်း မြန်မာစာ အခြေခိုင်ခံ့ရေးတွေပဲ ဦးစားပေး သင်နေဖြစ်သည်။ ကျွန်တော်သင်ရသည့် ခေါင်းစဉ်က စာစီစာကုံး ရေးသားနည်း ဟူသောခေါင်းစဉ် ဖြစ်သည်။သို့အတွက် မြန်မာစာ အခြေခံခိုင်ခံ့ရေးဆိုင်ရာတွေသာများသည်။
ကျွန်တော့် စာသင်ဝိုင်းမှာက အတန်းစုံ၊အရွယ်စုံဖြစ်သည်။ Grade 3, Grade 4 မှစ၍ Grade 10, Grade 11 တို့သာမက သင်ရိုးဟောင်း ၁၀ တန်းပါမကျန် ဖြစ်သည်။ ကျောင်းဆရာအနေဖြင့် လက်တွေ့စာသင်ရင်း မြန်မာစာ အခြေခံခိုင်ခံ့ဖို့ လုပ်သည်။ စာရေးဆရာအနေဖြင့် မြန်မာစာ အခြေခံ ခိုင်ခံ့ရေး ကဗျာ၊ဆောင်းပါးတွေရေးဖြစ်သည်။ သို့သော် ကျွန်တော် ဖြစ်စေချင်သလို မဖြစ်သည်က များပါသည်။
အတန်းငယ်လေးတွေမှာ လေ့လာကြည့်တော့ ဆရာအတတ်ပညာ မပြည့်ဝသည့် ဘွဲ့ရ ဆရာ ဆရာမ ငယ်ငယ်လေးတွေက သူတို့ သဘောပေါက်သလို သင်ပါသည်။ မြန်မာစာ မှာ အခြေခံ မပါပါ။ ဗျည်းအမည်အခေါ်အဝေါ်တွေပင်မမှန်၊ ဗျည်း,သရ အတွဲတွေကိုလည်း နားလည်အောင် မသင်။ ရှေ့ကတိုင်ပေး၊စာလုံးတွေမသိဘဲနှင့်နောက်က လိုက်ဆို။ ဒါကို မိဘအချို့က သူတို့ရင်သွေး တွေ စာလုံးမသိဘဲအော်ဆိုနေသည်ကို စာဖတ်တတ်ပြီထင်နေကြသည်။ သည်လိုပုံနှင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လာသောအခါ အထက်နားရောက်လေ အခြေမခိုင်တော့ ယိုင်နဲ့လေ ဖြစ်လာရသည်။
အခုခေတ်က English ကို အားသန်သော ဆရာ,မိဘတွေက များနေရာ ကလေးတို့မှာ အမိဝမ်းမှကျွတ်သည်နှင့် A,B,C,D, E ဟု အော်မွေးလာသည်။ အူဝဲ,အူဝဲ မငို။ ကကြီး,ခခွေးမဆို။ အပြည်ပြည်ဆိုင်ရာ သင်ရိုးဆိုတာတွေကို on line မှ သင်နေကြသည်။ Good Morning, Good Evening တွေဖြင့်သာ နှုတ်ဆက်ပြောဆိုနေကြသည်။ မင်္ဂလာပါ ဆိုသည့် ဝေါဟာရတွေပင် ထိုထို ကျောင်းတွေမှာ ပျောက်ဆုံးစပြုနေပြီ။ အတန်းအနည်းငယ် ကြီးသည့် on line သင်ရိုးတွေကို လေ့လာကြည့်သည့်အခါGrade 7, 8 လောက်အဆင့်မှာ Eng,Maths, Chem, Phys,Bio တို့ကိုသာ သင်ရသည်ကိုတွေ့ရသည်။ မြန်မာစာ မပါ။ မြန်မာစာ အတွက် ရင်လေးမိပါသည်။ အားလုံး တက်ညီလက်ညီလုပ်ကြမှ မြန်မာစာ နာလံထူပါသည်။ သည်အတိုင်းသာ ဆက်သွားခွင့် ပြုနေလျှင်၊ ဆက်သွားနေလျှင် မြန်မာစာပျက်ပျောက် တော့မည်။
တို့ဗမာ အစည်းအရုံးခေတ်က ဆောင်ပုဒ်လေးကို သတိရပါသည်။” မြန်မာပြည်သည် ..တို့ပြည်။ တို့ပြည်ကိုချစ်ပါ။ မြန်မာစာသည်… တို့စာ။ တို့စာကို …ချစ်မြတ်နိုးပါ။ မြန်မာစကားသည် တို့စကား…။ တို့စကားကို လေးစားပါ” ဟူသော စကားများပင်ဖြစ်ပါသည်။ ကျွန်တော် က,တော့ ကျွန်တော် ဝင်ရသော စာသင်ခန်းတွင် ထိုစာတန်းလေးကို ရေးပြပြီး ၃,၄ ခေါက်လောက်ဆိုစေပါ သည်။ တတ်နိုင်သမျှ ကလေးတို့နှင့်ထိတွေ့စေပါသည်။
ကျွန်တော်က အရေးအသားသင်သည့်ဆရာ။ စာစီစာကုံးသင်ဆရာ။ စာစီစာကုံးပြိုင်ပွဲတွေ လုပ်ပေးသည်။ စာမေးပွဲဖြေရမည့် ပုံကြမ်းပေး၊ ၅ပိုဒ်ရေး စာစီစာကုံးက တစ်မျိုး၊ ပြိုင်ပွဲစာစီစာကုံး က တစ်မျိုးဖြစ်သည်။ စာပိုဒ်၊စာမျက်နှာ မတူကြပါ။ အဆိုအချေက သီးသန့်ဖြစ်သည်။ ထိုထို စာစီစာကုံးတွေကို ရေးမည်ဆိုလျှင် ဆရာကြီးရွှေဥဒေါင်း ၏ အဆိုအမိန့်ကို ဦးထိပ်ပန်ဆင်ရပါသည်။
ဆရာကြီးက စာရေးရာတွင်အရေးအကြီးဆုံးအချက် ၃ ချက်မှာ” စာကို ရိုးရိုးရေးပါ။ ရှင်းရှင်းရေးပါ။ ဖတ်လို့ချောအောင်ရေးပါ” ဟု လမ်းညွှန်ပါသည်။ ကျွန်တော်က ထို ၃ ချက်ကိုပေါက်မြောက်အောင် သင်ပေးပါသည်။ သုတ စာစီစာကုံးတွေ ခဏနားထားပါသည်။ ကိုယ်တွေ့ကို အခြေခံသော စာစီစာကုံးတွေကို ဦးစားပေးရေးခိုင်းပါသည်။ ကိုယ်တိုင်ရေးတတ်ဖို့ကို ဦးတည်ပါသည်။ သို့မှသာ မြန်မာစာ အခြေခံခိုင်မည်ဖြစ်ပါသည်။ တတိယတန်း၊စတုတ္ထတန်းလောက် ကလေးများကို ကမ္ဘာ့စားနပ်ရိက္ခာနေ့၊ လူကုန်ကူးဆိုင်ရာ၊ နိုင်ငံတကာ စာတတ်မြောက်ရေးဆိုင်ရာ တွေ ရေးခိုင်းတာ ကိုယ်တိုင် ရေးတတ်စေမှုကို တွန့်ဆုတ်စေပါသည်။ မင်္ဂလာမောင်မယ်က ပေးသည့် မိဘကျေးဇူး၊ သစ်ပင်စိုက်ပါ တို့ကမ္ဘာ၊ ပုဂံသို့ အလည်တစ်ခေါက် ဆိုသည့် ခေါင်းစဉ်မျိုးတွေသာဖြစ်သင့်ပါသည်။
မြန်မာစာ အခြေမခိုင်သည့် ကိစ္စမှာ ရောဂါကြီးတစ်ခုဖြစ်ပါသည်။ဆေးမြီးတိုဖြင့် ကုသလို့ မရပါ။ “အဆောက်အဦတစ်ခုကို မြင်သည်ထက်မြင့်အောင် တည်ဆောက်မည်ဆိုလျှင် အုတ်မြစ်ချသည့်အပိုင်းကို နက်သည်ထက်နက်အောင် တူး ရမည်” ဟူသော အဆိုအမိန့်လေးကို သတိရမိပါသည်။ အခြေမခိုင်ဘဲနှင့်အမြင့်ကြီးဆောက်လိုလျှင် ရူးလို့သာဖြစ်ပါလိမ့်မည်။ ယခုပင် ပြိုလဲဖို့ အက်ကြောင်းတွေ မြင်နေရပါသည်။ မြန်မာစာအခြေခံခိုင်ခံ့ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါသည်။ ဝိုင်းဝန်း ဆောင်ရွက်ကြပါစို့။
သည်စာမူကိုမရေးမီ fb ကို ခဏဖတ်ပါသည်။ ကျွန်တော် စောင့်ဖတ်နေကျ စာရေးဆရာကြီး ၂ ဦးရှိပါသည်။ ဆရာ တင်ညွန့်နှင့်ဆရာသံလျင်မောင်မောင်ဦးတို့ဖြစ်ပါသည်။ထို ဆရာကြီးတို့၏ စာများကို သေသေချာချာ သိမ်းထားပါသည်။ ယခုလည်း ကျွန်တော်သိမ်းထားသည့် စာများထဲမှာ ဆရာ သံလျင်မောင်မောင်ဦး ၏ ဝတ္ထု တိုနံ့နံ့လေးတစ်ပုဒ်ကို ဖော်ပြချင်ပါသည်.။
“ကာလပေါ် အဖွဲ့အနွဲ့”
“မြေးလေး ရေ”
“ရှင့် ဘွားဘွား”
“ဒီစာက စာလုံးပေါင်းတွေလည်း မမှန်ဘူး။ ငါ့မြေး ရေးထားတာလား”
“မဟုတ်ဘူး ဘွားဘွား”
“ဒါဖြင့် ဘယ်သူ ရေးထားတာတုံး”
” ဘိုးဘိုး ရေးထားတာပါ။ ရေးပြီး တယ်လီဖုန်းထဲကို ကူးထည့်နေတာ တွေ့ပါတယ်”
“ဟင်း…. နင့်ဘိုးဘိုး တော့ စိတ်မှ ကောင်းရဲ့ လား မသိဘူး။ ဒုက္ခ”
အဘွားသည် စိတ်ပျက် လက်ပျက်ပုံစံဖြင့် စာရွက်ကို နောက်တစ်ခေါက် ပြန်၍ဖတ်သည်။
စမီး
စားအူးမလား
စားမယ်ဆို ပို့လက်မြယ်
သံလျင်မောင်မောင်ဦး ဟုဖြစ်ပါသည်။
12 Nov 2018 ဟုတွေ့ရ ပါသည်။
လွန်ခဲ့သည့် ၄ နှစ်က post ပြန်တက်လာခြင်းဖြစ်ပါသည်။ လက်ရှိမြန်မာစာ ၏ ရောဂါလက္ခဏာ ပြ ဝတ္ထုတိုနံ့နံ့လေးဖြစ်ပါသည်။ ကလေးမှ အစ အဘိုးအထိ ကူးစက် ပြန့်ပွားနေပြီဖြစ်ပါသည်။ အထူးကုနှင့် ပြသ ,ကုသမှဖြစ်ပါတော့မည်။ ဆေးမြီးတိုလောက်နှင့်ကုသလို့ မရနိုင်တော့ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
တင်လင်းဇော်
Leave a Reply