စောလူးက လက်ရုံးရည်မင်း‌၂ဆက်ကြားက နှလုံးရည်မင်းလား

စောလူးမင်းက လက်ရုံးရည်ထင်ရှားတဲ့ မင်း၂မင်းကြားက နှလုံးရည်မင်းမလို့ မထင်ရှားတာလို့ သူရိန့်မြိုင်ကပြောတယ်။ မကွေးသူရိယရဲ့အာဘော်လား ဆိုတော့ မဟုတ်ပါဘူးတဲ့။ လူတွေ သမိုင်းပြုစုသူတွေက လက်ရုံးရည်သမားတွေကို ပိုအထင်ကြီးကြ၊ စိတ်ဝင်စားကြမှာပါ။ လူစွမ်းကောင်းတွေ၊ သူရဲကောင်းတွေအကြောင်းက ပိုရေးလို့၊ ဖတ်လို့လဲ ကောင်းတယ်။ နှလုံးရည်သမားတွေက လက်ရုံးရည်သမားတွေလောက် အသိအမှတ်အပြုမခံရဘူးဆိုတာကလဲ ခေတ်စားလာနိုင်တဲ့အကြောင်းအရာပါ။
စောလူးမင်းက နှလုံးရည်ပြည့်တဲ့မင်း ဟုတ်နိုင်လား ရှာဖတ်ကြည့်မိပါတယ်။ သမိုင်းတို့ ရာဇဝင်တို့ ဆိုတာကလဲ စစ်ပွဲတွေ လက်ရုံးအစွမ်းတွေနဲ့ ဘုရင်တွေရဲ့ ပါဝါတွေအကြောင်းများတာ မှတ်တမ်းတင်တာဆိုတော့ နှလုံးရည်အကြောင်းတွေက ရှာရခက်မယ်။
စောလူးတည်ခဲ့တယ်ဆိုတဲ့ ဘုရားစေတိပုထိုးတွေကနေ သူခေတ်ရဲ့ ပိသုကာနဲ့အနုလက်ရာအဆင့်အတန်းကို မှန်းဆပြီး အဲ့ခေတ်ရဲ့ နှလုံးရည် အားကောင်းတာကို အရိပ်အမြွက်မှန်းဆနိုင်ပါမယ်တဲ့။
တင်နိုင်တိုးရဲ့ ပုဂံမင်းဆက်ရာဇဝင်သစ်မှာ စောလူးမင်းကုသိုလ်တော်လို့ အထင်အရှားမှတ်ယူကြတဲ့ မြင်းပြဂူဘုရားဖြစ်တယ်။ အဲ့ဒိဘုရားက အောက်ခြေပတ်လည် တိုက်လိုဏ်ဂူ လေးမျက်နှာခံပြီး အထက်မှာစေတီတည်ထားတယ်။
အဆောက်အအုံတခုလုံးရဲ့ အရွယ်အစားနဲ့ အချိုးကျနမှု၊ ဗိသုကာလက်ရာတွေကလည်း အထူးစိတ်ဝင်စားဖွာ်ကောင်းတယ်။ စေတီအတွင်းထဲက စောလူးမင်းရဲ့အုတ်ခွက်ဘြရားတစ်ဆူ ရခဲ့ဖူးတယ်တဲ့။ ‌ စောလူးမင်းလှူတဲ့ အုတ်ခွက်တချို့ကိုပုဂံတဝိုက်မှာ တွေ့ရတော့ အုတ်ခွက်တစ်ဆူတွေရုံနဲ့ စောလူမင်းတည်တဲ့ဘုရားလို့တော့ မဆိုနိုင်ပါဘူးတဲ့။
စောလူးမင်းကုသိုလ်တော်လို့ တပ်အပ်သေချာပြောနိုင်တာက လောကနန္ဒာဘုရားအရှေ့တောင်ဘက် ဘေးမဲ့ဥယျာဉ်တွင်းက နှစ်ထပ်စေတီပါ။ စေတီထဲမှာ အင်္ဂတေပန်းတွေ၊ ဗုဒ္ဓဆင်းတုတော်တွေ၊ နဂါးပုံရုပ်ကြွတွေ ခြူးပန်းခြူးခက်တွေက ပုဂံခေတ်ဦးလက်ရာကို ရည်ညွှန်နေတယ်။ ထူးခြားတာက စေတီတော်အတွင်းနံရံက စောလူမင်းရဲ့ အုတ်ခွက်ဘုရားတစ်ဆူပါ။ ဘုရားကို နံရံအတွင်း ကပ်မြုပ်တည်ဆောက်ထားတာမို့ မူလလက်ရာလို့ ဆိုနိုင်ပါတယ်တဲ့။
နောက်ထပ်က သီရိပစ္စယာရွာနားက ဖက်လိပ်စေတီနှစ်ဆူပါ။ ရှေးကျတဲ့ အုတ်ခွက်များစွာကို တွေ့ရတယ်။ ကျောက်စကားကြီးဘုရားကလဲ စောလူးရဲ့ ကုသိုလ်ပါပဲတဲ့။
မှန်နန်းရာဇဝင်တော်ကြီးထဲမှာတော့ – မင်းစောလူးကား လုပ်ရည်ကြံရည် မရှိ။ မှူးကြီးမတ်ရာတို့ကိုလည်း နှလုံးမကြည်ရှိအောင် ပြုတတ်သော အလေ့ရှိ၏။ ခမည်းတော်တည်သော ရွှေစည်းခုံ မပြီးသည်ကိုလည်း မလုပ်။ ပညာရှိတို့ လျှောက်သော စကားကိုလည်း မယူ၊ အပျော်အရွှင်နှင့်သာ နေ၏။ အိမ်နိမ့်လေးဆယ့်တစ်နှစ် စည်းစိမ် ငါးနှစ်၊ သက်တော် လေးဆယ့်ခြောက်နှစ်သော် အနိစ္စရောက်တော်မူ၏လို့ ရေးထားပါတယ်။ ဦးကုလားက စောလူးမင်းရဲ့ အိမ်နိမ့် ၃၀၊ စည်းစိမ် ၂၆၊ သက်တော် ၅၆ လို့မှတ်တမ်းပြုထားပြီး၊ တွင်းသင်းက အိမ်နိမ့် ၃၀၊ စည်းစိမ် ၅၊ သက်တော် ၅၅လို့ ရေးထားပါတယ်တဲ့။
တင်နိုင်တိုးရဲ့ ပုဂံမင်းဆက်ရညဇဝင်သစ်မှာ စောလူးမင်းကို အနော်ရထာနဲ့ တောင်ပြင်သည်မိဘုရားတို့က ၁၉၊ ဧပြီ ၁၀၄၉တွင် ဖွားမြင်ခဲ့တယ်။ နန်းစံ (၇)နှစ်သာရှိတယ်။ သားက တစ်ဦးတည်းရှိပြီးအမည်က စောယွန်း။ နန်းလျာအဖြစ် ခန့်အပ်ခံခဲ့ရဖူးလေသလောဟု ယူဆဘွယ်လည်းရှိ၏လို့ ရေးထားပါတယ်။ စောယွန်းအကြောင်း နောင်မင်းများတွင် ရေးသားဖော်ပြထားခြင်းမရှိတဲ့အတွက် ဖခင်စောလူးလို လုပ်ကြံစီရင်ခဲ့ရဟန်ရှိပေသည်လို့ တင်နိုင်တိုးကရေးထား ပါတယ်။
မှန်နန်းထဲမှာတော့ စောယွမ်းသည် ခြေမစွမ်း၍ မသွားနိုင်ရှိ၏လို့ရေးထားပြီး သမီးတော် ရွှေအိမ်စည်နှင့် စုံဖက်တော်မူ၍ အိမ်ရှေ့ပေးတော်မူ၏လို့ တွေ့ရပါတယ်။ အလောင်းစည်သူ (၁၁၁၃ – ၁၁၆၀)က စောယွမ်း(စောယွန်းနဲ့ ရွှေအိမ်စည်တို့ရဲ့ သားတော်ပါ။
မှန်နန်းရဲ့ ကျန်စစ်သားအပိုင်းမှာ အရှင်အရဟံက စည်းခုံစေတီကို အနော်ရထာ တည်တာ ပစ္စယာသုံးဆင့်သာပြီးတယ်။ စောလူးကလည်း လောကီစည်းစိမ်သာ ခံစားနေတယ်။ ကောင်းမှုကိုဆက်မလုပ်။ ကျန်စစ်သားကလည်းအနော်ရထာမင်းစောအမွေဆက်ခံပြီး မင်းဖြစ်လာတယ်။ စည်းစိမ်ကိုသာ မွေ့လျော်သည်။ အနော်ရထာကောင်းမှုကို ဆက်မလုပ်ဆိုပြီး အသွမ်းသွေးတော်မူမှ ပြီးအောင်လုပ်ပါမယ်ဆိုပြီး ဆက်လုပ်တယ်တဲ့။
စောလူးမင်းက ရွှေစည်းခုံကိုသာ ပြီးအောင်ဆက်မလုပ်တာပါ။ ပုဂံမှာသာမက စစ်ကိုင်းတိုင်း ယင်းမာပင်၊ ပခုက္ကူနယ်၊ မြင်းမူ၊ မကွေးတိုင်း ဆိတ်ဖြူ(စာအုပ်ပါ သတ်ပုံ)နယ်တွေမှာ စေတီပုထိုးအများအပြားတယ်ခဲ့ပါတယ်။ရေနံချောင်းနယ် အောက်ပင်းချောင်းဝမှ စက္ကလမ္ဗဘုရားကိုတည်ခဲ့တယ်။ မကွေးမြသလွန်ကိုလည်း ပြုပြင်တည်ခဲ့ပါတယ်။
စောလူးရဲ့နန်းစံကာလ နည်းနည်းအတွင်း နယ်မြေဒေသအသီးသီးမှာ စေတီပုထိုးတွေတည်ထားတာကြောင့် ပုဂံမင်းနေပြည်တော်ကနေ မိမိပိုင်နက်အတွင်း လှည့်လည်သွားလာခဲ့၍သာ ဤသို့တည်ဆောက်ကိုးကွယ်နိုင်ခဲ့ခြင်း ဖြစ်ပေမည်လို့ တင်နိုင်တိုးက သူ့စာအုပ်ထဲ သုံးသပ်ထားပါတယ်။ ခုခေတ်လိုမျိုးဆိုရင်တော့ ပုဂံမှာ ထက် ပုဂံခေတ် EAOတွေရဲ့နယ်တွေမှာ စည်းရုံးရေးဆင်းရင်း တည်ခဲ့သလားပဲ။
မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနရဲ့ ပုဂံရက်သတ္တပတ် ဟောပြောချက်များ(၁၉၅၉)မှာ
မြင်းပြဂူကို အလောင်းစည်သူလက်ထက်က တည်ထားဟန် ယှိ၏လို့ ရေးထားပါတယ်။ အရှေ့ဖက်လိပ်နဲ့ အနောက်ဖက်လိပ်ကို အနော်ရထာမင်း လက်ထက်တွင် တည်ဆောက်ထားသော စေတီများဟူ၍ ခန်မှန်းရသည်။ စဉ့်ရည်မသုတ်သော အုတ်ချပ်များဖြင့်ပြီးသည့် နိပါတ်တော်ရုပ်ကြွများဖြင့် တန်းဆာဆင်ထားသည် လို့ ရေးထားပါတယ်။
မှန်နန်းမှာ သက္ကရာဇ် လေးရာနှစ်ဆယ့်တစ်ခုသော် သားတော် စောလူးမင်းဖြစ်တော်မူ၏တဲ့။ စောလူးမင်းရဲ့ နောက်ဆုံးနှစ်တွေမှာမှ ဥဿာပဲခူးက ငရမန်ကန်းနဲ့ စစ်ပွဲဖြစ်ပါတယ်။
မြသလွန်ဘုရားသမိုင်းတချို့မှာ ပဲခူးဥဿာနယ်က ငရမန်ကန်း ခြားနားလို့တိုက်စဉ် မကွေးရောက်တဲ့အခါ ရှင်အရဟံကို မေးလျှောက်ရာ ကဿပဘုရားရှင်ရဲ့ ရွှေသားသလွန်နဲ့ ဂေါတမဘုရားရှင်ရဲ့ မြသားသလွန်တော်ကိန်းဝပ်ရာ စေတီပျက်ယွင်းနေတာကို သိသွားပါတယ်။ ဘုရားကို ပြင်ရင်း မာကရအရပ်မှာ ခံတပ်မြို့တည်ရသည်ရှိသော်သင့်မည်ဆိုသည့်အတိုင်းတည်တယ်။ မြန်မာသက္ကရာဇ် ၄၂၅ခုနှစ် တန်ဆောင်မုန်း လဆန်း ၅ရက်နေ့ ကောင်းမြတ်တဲ့အချိန်မှာမှာ မြသွန်စေတီမွမ်းမံတာနဲ့ ပန်းရစ်တောက်စေတီ၊ ဆုတောင်းပြည့်စေတီ၊ ကျောင်းသုံးဆောင်၊ လင်လျာမြှော်စေတီနဲ့ သိမ်တော်ကြီး၊ သိကြားမင်းနတ်ကွန်းနဲ့ မကွေးခံမြို့တော်ကို တပြိုင်နက် တည်တယ်လို့ တွေ့ရပါတယ်။ ငရမန်ကန်းနဲ့ စစ်ပွဲမှာ စောလူးမင်းအဖမ်းခံပါတယ်။ ကျန်စစ်သားလဲ ပြေးရပါတယ်။ စောလူးမင်းဥပါယ်နဲ့ အဖမ်းခံရတဲ့ ပြည်တော်သာကျွန်းဆိုတာ မကွေးနယ် မိချောင်းရဲမြို့နားမှာပါ။ မိတ်ဆွေတစ်ဦး ပြောတာကတော့ ပြည်တော်သာကျွန်းမှာတွေ့ရတဲ့ ပုဂံခေတ်စေတီတချို့ရှေ့က ခြင်္သေ့ရုပ်ကြီးတွေက ကိုယ်က ခြင်္သေ့ကိုယ်ဖြစ်ပြီး၊ မျက်နှာက လူလိုမျက်နှာ၊ ဆောင်းထားတဲ့ ဦးထုပ်တွေက အခုခေတ် ဂေါက်ရိုက်သူတချို့ ဆောင်းတတ်တဲ့ဦးထုပ်တွေလို ပတ်လည်အနားဖတ်တိုတိုပါတဲ့ အဝိုင်းလေးတွေပါတဲ့။
စောလူးမင်းလွန်တော့ သက္ကရာဇ် လေးရာနှစ်ဆယ့်ခြောက်ခုသော် ထီးလှိုင်ရှင် ကျန်စစ်သား မင်းဖြစ်တော်မူ၏ (မှန်နန်း)။ ခရစ်သက္ကရာဇ် ၁၀၇၇ အနော်ရထာမင်းနတ်ရွာစံ၊ စောလူးမင်းနန်းတက်။ ၁၀၈၆ စောလူးမင်းနတ်ရွာစံ၊ ကျန်စစ်သားမင်း နန်းတက်။ ၁၀၈၆ ကျန်စစ်သားမင်း ဘိသိက်ခံ။ အနော်ရထာ နန်းတက် ၁၀၄၄၊ နတ်ရွာစံ ၁၀၇၇။ နန်းစံ ၃၃ ကျန်စစ်သား ၁၀၈၄ – ၁၁၁၃။ နန်းစံ ၂၉ (တင်နိုင်တိုး)
စောလူးမင်းရဲ့ နန်းစံနှစ်ကို ၇နှစ်လို့တွေ့ရသလို၊ ၅နှစ်လို့လဲ တွေ့ရပါတယ်။ နှလုံးရည်မင်းတွေရဲ့ နန်းသက်က အဲ့လောက်ပဲ ရှည်သလားကတော့ ရှာဖွေကြည့်ပါဦးမယ်။

ဇော်မင်းဇော်မင်း
၈ ဇွန် ၂၀၂၄

မြသလွန်စေတီပေါ်ရှိ ရှင်အရဟံနဲ့‌ စောလူးမင်း ပုံ

ဓာတ်ပုံ Htin Lin

Telegram မကွေးဂျာနယ်တွင်လည်း ဖတ်ရှုနိုင်ပါပြီ

Leave a Reply

Your email address will not be published.