စက်မှုကုန်ကြမ်းလိုအပ်ချက်များသည့် ရော်ဘာစိုက်ပျိုးခြင်းဖြင့်နိုင်ငံခြားဝင်ငွေတိုးမြင့်ရရှိမည်  

ရွှေမန်း

စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်များသည့်  ရော်ဘာကို ပြည်တွင်းမှာ စီးပွား ဖြစ် စိုက်ပျိုးခြင်းဖြင့် နိုင်ငံခြား ဝင်ငွေ တိုးမြင့်ရရှိစေမည်။

ပြည်တွင်းထွက်ရှိသည့် ရော်ဘာကို ပြည်ပသို့ စက်မှုကုန် ကြမ်းအဖြစ်သာ အများဆုံးတင်ပို့ ရောင်းချလျက်ရှိပြီး ပြည်တွင်း စက်မှုလုပ်ငန်းများသို့လည်း အနည်း ငယ် ရောင်းချလျက်ရှိကြောင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများထံက သိရသည်။

ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင်  အများဆုံးစိုက် ပျိုးပြီး ရန်ကုန်၊ပဲခူး၊ဧရာ၀တီတိုင်း ဒေသကြီးတို့တွင် စီးပွားဖြစ် စိုက် ပျိုးထုတ်လုပ်လျက် ရှိသည်။

ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ နယ်သည် ပုသိမ်-မုံရွာကားလမ်း ဘေးတွင် မြေလွတ်မြေရိုင်းများစွာ ရှိသည့်အလျောက် တောင်ကုန်း တောင်တန်းများတွင် ရော်ဘာ စိုက်ပျိုးဖြစ်ထွန်းပြီး စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ရော်ဘာစိုက် ဧက ၄၇၀၀ကျော်ကို ကုမ္ပဏီ ပိုင်နှင့် ပုဂ္ဂလိက တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက် ရှိသည်။

ထိုသို့ စိုက်ပျိုးရာတွင် တစ် ဧကလျှင် ပင်ကြား ၁၀ ပေ၊ တန်း ကြား ၂၄ပေ ထားရှိပြီး ရော်ဘာ ၂၀၁ပင် စိုက်ပျိုးနိုင်သည်။

အပင်သက်တမ်း ခုနှစ်တွင် ရော်ဘာပင်၏ အောက်ခြေမှ ၄၈ လက်မ အမြင့်တွင် အချင်း ၁၈ လက်မရှိပါက ရော်ဘာအစေးခံယူ နိုင်ပြီး လက်ရှိ လေးမျက်နှာမြို့နယ် တွင် ကုမ္ပဏီများမှ ရော်ဘာအစေး ခြစ်လျက်ရရှိသည့် ဧက ပေါင်း ၂၁၀၀ ကျော် ရှိသည်။

အထွက်နှုန်းကောင်း ရော်ဘာ မျိုးများမှာ (BBM-၂၄) ၊(၂၀၀၀-စီးတီး) ၊ (၃၉-၃၅) မျိုးနှင့်(၂၆၀) တို့ဖြစ်သည်။
ရော်ဘာအစေးခံယူရာတွင် စက်တင်ဘာဒုတိယသီတင်းပတ် မှ မတ်လဒုတိယသီတင်းပတ်အထိ  ခြောက်လဆက်တိုက် အစေးခံယူ နိုင်ပြီး ရော်ဘာပင် အရွက်ဟောင်း များကြွေ၍ ရွက်သစ်အနုထွက် ချိန်တွင် တစ်လခွဲခန့် အစေးခံခြင်း ကိုရပ်နားထားပြီး ရော်ဘာခြံများ တွင် မီးတားလမ်းများ ပြုလုပ် ရှင်းလင်းထားရသည်။

ဧပြီလ တတိယသီတင်းပတ်တွင် ရော်ဘာ  စေးခံခြင်းလုပ်ငန်းကို ပြန်လည် စတင်ခဲ့ပြီး ဇွန်လ မိုးများသော ကာလတွင် အစေးခံခြင်းကိုရပ်နား ပြီး ရော်ဘာခြံအတွင်း ပေါင်းမြက် ရှင်းခြင်း၊ဓာတ်မြေဩဇာ ထည့် သွင်းခြင်း စသည်တို့ကို ဆောင် ရွက်ကြရသည်။

ရော်ဘာအပင်မှ အစေးများကို  အခဲအဖြစ် ပြုပြင်၍ လူသုံးကုန် ပစ္စည်းများတွင် အသုံးပြုသည့် အတွက် အလွန်အသုံးဝင်သော စက်မှုကုန်ကြမ်းဖြစ်သည့်အလျောက်   ယခုအခါ ရော်ဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ငွေကျပ် ၃၀၀၀ အထိ ဈေးကောင်း ရရှိနေသည်။ ရော်ဘာကုန်ကြမ်းများကို အရည် အသွေးအလိုက် အဆင့် သုံးမျိုးခွဲ သတ်မှတ်ထားသည်။

ထွက်ရှိလာသည့် ရော်ဘာ ကုန်ကြမ်းများကို ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးရှိ လူသုံး ကုန်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ များသို့ တင်ပို့ရောင်းချလျက်ရှိ သည်။

ရော်ဘာပင်သည် နှစ်ရှည်ပင် ဖြစ်၍ နှစ် ၃၀ခန့် ဆက်တိုက် ရော်ဘာစေးခြစ်ထုတ်လုပ်နိုင်သဖြင့်  စီးပွားရေးတွက်ခြေကိုက်သလို ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်းရှာဖွေပေးနိုင်ကာ နိုင်ငံခြား ဝင်ငွေရရှိသည့် စိုက်ပျိုးရေး    လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။          

Leave a Reply

Your email address will not be published.