စကုမြို့သည်မကွေးတိုင်း၊ မင်းဘူးခရိုင် အတွင်းတည်ရှိ၍ ရခိုင်ရိုးမတွင်မြစ်ဖျားခံပြီး မန်းရွှေစက်တော်ဘုရားကို ဖြတ်သန်း စီးဆင်းလာသော မန်းချောင်း (ရှေးအခေါ် နမန္တာမြစ်)၏ တောင်ဘက်ကမ်းပါးပေါ်တွင် တည်ရှိပါသည်။ စကုမြို့သည် ကျောက်ခေတ်၊ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ် မှ တိုင် ယခုအချိန်ထိ ယဉ်ကျေးမှုအစဉ်အဆက်ထွန်းကားရာမန်းချောင်းလွင်ပြင်၌ တည်ရှိသော ရှေးဟောင်း မြို့တစ်မြို့ ဖြစ်ပါသည်။ မန်းချောင်းလွင်ပြင်၏ ပထဝီအနေအထားမှာ မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၏ အနောက်တောင်ဘက် ရခိုင်ရိုးမတွင်မြစ်ဖျားခံ၍ အရှေ့ဘက်သို့ စီးဆင်းနေပါသည်။ (ရ၈) မိုင်ခန့်ရှည်လျားပြီး စကုမြို့၊ ဆည်တော်ရွာမှစ၍ မြေပြန့်လွင်ပြင်အဖြစ်သို့ စတင်ရောက်ရှိ လာပြီး၊ ထိုနေရာတွင် တမိုင်ခန့် ကျယ်ဝန်းသော်လည်း မြေပြန့် လွင်ပြင် စစ်စစ် မဖြစ်သေးပါ။ဆက်လက်၍စကုမြို့မြောက်ဘက်မှ ကပ်လျက် စီးဆင်းသွားပြီး မင်းဘူးမြို့ အထက် ငါးမိုင်ခန့် တွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံပါသည်။ မြစ်ဆုံနေရာတွင် မန်းချောင်းလွင်ပြင်၏ အကျယ် မှာ (၇)မိုင် မှ (၈) မိုင်ထိ ရှိပါသည်။ဆည်တော်မှ မြစ်ဆုံထိ မန်းချောင်း၏ အရှည်မှာ မိုင် (၃၀)ကျော်ခန့် ရှိပါသည်။မန်းချောင်း အောက်ခင်း ကျောက်စရစ်မှာ ထူ၍၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၁၈၀) ခန့်တွင် တည်ရှိသော မန်းချောင်းလွင်ပြင် သည် မြောက်ဘက်နှင့် အရှေ့ဘက်တွင် နိမ့်၍ တောင်ဘက်နှင့် အရှေ့တောင်ဘက်သို့ တဖြေးဖြေးမြင့်တက်သွားပါသည်။ မန်းချောင်း၏ နုံးတင်မြေနုပို့ချမှုကြောင့် နုံး၊ သဲ၊ ရွှံ့စေးတို့သည် အချို့နေရာများတွင်အထပ်လိုက်၊ အလွှာလိုက် တည်ရှိပြီး မြေဆီလွှာ ကောင်းမွန်၍ သီးနှံများ စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေအောက်ရေကြော မှာလည်း မြေအောက်ပေ(၈၀)ခန့်သာရှိသဖြင့်ရှေးယခင်က လက်ငင်ရေတွင်းကြီးများ တူး၍ စိုက်ပျိုးရေးအတွက် အသုံးပြုခဲ့ကြသည်။
Leave a Reply