စကုမြို့နှင့်မန်းချောင်းလွင်ပြင်သမိုင်းစာအုပ် ၊ ပုဂံခေတ် အတွက် ရှာဖွေစုဆောင်းရေးသားထားသော အချက်အလက်များမှ ထုတ်နုတ်ဖော်ပြပါသည်။

ဇော်မျိုးဦး (စကု)

#စကုခရိုင်နှင့်မပင်စရခရိုင် တို့သည် လယ်တွင်း (၆) ခရိုင်တွင်ပါဝင်ပြီး မန်းချောင်းလွင်ပြင်၌ တည်ရှိ ပါသည်။ မပင်စရသည် ယခုအခါ စကုမြို့နယ်တွင်ပါဝင်ပါသည်။ ( နီတွတ် ၊ ၂၀၂၀ ၊ ၂၄၄) စကု မန်းချောင်းလွင်ပြင် ပုဂံခေတ် သမိုင်း အတွက် အချက်အလက်များကို ကျောက်စာအထောက်အထား စာပေအထောက်အထားများထဲမှ လက်လှမ်းမှီသ၍ ရှာဖွေစုဆောင်းမိသော အချက်အလက်များထဲတွင်  ပုဂံခေတ် စကုနှင့်မန်းချောင်းလွင်ပြင်က အလုပ်အကိုင် အသက်မွေးမူများကိုတွေ့ရပါသည်။ 
       ယင်းတို့အနက် ထူးထူးခြားခြား အလုပ်အကိုင်တစ်ခုမှာ

စကုကျွန်များ အနက် “ဥဖွယ်သည် အိုမ္လေပုံ ၁” ဟု တွေ့သဖြင့် ဆံထုံးထုံးပေးသူ(နီတွတ်၊၂၀၂၀၊ ၃၉၃) တစ်ဦးပါ သည်ကို သိရ၍ ၊ အလှူအတန်းပွဲများတွင် အဖိုးအခယူ၍ ဆံပင်အလှပြုပြင် ဆံထုံးထုံး ပေးသည့် အလုပ်အကိုင်များရှိခဲ့နိုင်မလား ဟု စဉ်းစားဖွယ်ဖြစ်ပါသည်။
စိုက်ပျိုးရေးအနေဖြင့် ရေသွင်းစိုက်ပျိုးရေးဖြင့် စပါးကို အဓိကထားစိုက်ပျိုးကြပြီး ၊ပုဂံခေတ်ကျောက်စာပါ ကန် ယာမြေ ဟူသော စကားအရ ဆည်ရေသာမက ၊ ကန်များနှင့်ပါ ရေသွင်း၍စိုက်ပျိုးခဲ့ကြသည်မှာ မန်းချောင်းလွင်ပြင်တွင် ပုဂံခေတ် မတိုင်မှီကပင် ရှိခဲ့ကြမည် ဖြစ်ပါသည်။ ဆီမီးဝတ်ရှိသဖြင့် ယာများတွင် နှမ်းကို စိုက်ပျိုးခဲ့မည် ဖြစ်ပြီး၊ ထန်းစိုက်သည်ကို လည်း တွေ့ရ၍ ထန်းတက်ခြင်း နှင့် ထန်းလျက်ချက်ခြင်းလုပ်ငန်းတို့ ရှိပါမည် ။ (တိုးလှ ၊ ဒေါက်တာ ၊ ၂၀၁၄ ၊ ၉၅) ပုဂံခေတ်တွင် မန်းချောင်းလွင်ပြင်မှ လယ်မြေများ၏ တန်ဘိုးနှင့် ပတ်သက်သည့် အထောက်အထားကို မတွေ့ရသေးသော်လည်း တဆက်တစပ်တည်းဖြစ် သည့် စလင်းနယ်ဘက်မှ လယ်မြေ တန်ဘိုးကို ကြည့်၍ ခန့်မှန်းနိုင်ပါသည်။ မြန်မာသက္ကရာဇ်(၆၃၆) ခု တွင် စလင်း ကျွန်းတော်ရာမှ လယ်မြေ ၁၅ ပယ်ကို လယ်ဖိုးခွက် ၆၀ ပေးရ၍ ၊ လယ်တစ်ပယ်၏ တန်ဘိုးသည် ခွက် ၄ ပိဿာ (ခွက် ၄၀၀ ကျပ်) ဖြစ်ပါသည်။ (နီတွတ် ၊ ၂၀၂၀ ၊ ၂၇၀) မန်းချောင်းလွင်ပြင် နှင့် စကုဒေသဘက်မှ လယ်မြေများသည် စလင်းနယ်ဘက်က လယ်မြေတန်ဘိုး များနှင့် များစွာကွာခြားလှမည် မဟုတ်ချေ ။ စကု နှင့် မန်းချောင်းလွင်ပြင်မှ လယ်မြေများသည် စပါးစိုက်ပျိုးရန် ကောင်းမွန်၍ အမှု့အခင်းဖြစ်သည်အထိ လိုချင်မက်မော ကြသည်ကို သ္ခိင် စကုကြီးကျောက်စာ၌ တွေ့ရပြီး ၊ သ္ခိင်စကုကြီးကျောက်စာသည် ပုဂံခေတ်တွင် အမှုအခင်းတစ်ခုကို စစ်ဆေးရာ၌ တရားသူကြီး များ ရှေ့မှောက်တွင် ဘုရားဓါတ်တော်ကို ကိုင်၍ ကျိန်ဆိုသည်သာမက ၊ အမျိုးမျိုးသော အမှုနှင့်ဆက်စပ်ရာဒေသတွင်းရှိ မျက်မြင်သက်သေထွက်ဆိုချက်များနှင့်ပါ ဖြေရှင်းကြပုံ မြင်ကွင်းကို ပြသနေပြီး ၊ ဤအမှုအခင်းကို ကျောက်စာမှတ်တမ်း ရေးထိုးနေစဉ်တွင် မှတ်တမ်းမတင်လိုက်ရသော အခြားအမှုအခင်းများလည်းရှိခဲ့ပါသည်။ (Moore, Elizabeth H., 2023, 386) စကုနယ်မှ ထွက်သောဆန်သည် အင်းဝခေတ်တွင် အင်းဝရှင်ဘုရင် မင်းကြီး မင်းခေါင် စားတော်ခေါ်သည့် စကုသီတာ ထမင်း (သီတာဆန်) ဟူ၍လည်းကောင်း (စန္ဒလင်္ကာ ၊ ရှင်၊ ၂၀၀၉၊ ၁၂၂) ၊ ကုန်းဘောင်ခေတ်တွင် စကုဗြတ်ဆန်(ဗြတ်စပါး)သည်လည်းကောင်း မင်းဧကရာဇ်တို့ စားသုံးသော စပါးတော် ဖြစ်ခဲ့ ပါသည်။ ( တိုးလှ၊ဒေါက်တာ၊၂၀၁၆၊၁၈၄) ထို့ကြောင့် ပုဂံခေတ်တွင် စကု‌ဒေသ မှ ထွက်သည့် ဆန်မှာလည်း ဆန်ကောင်းပင်ဖြစ်ခဲ့ပေမည် ။
မြန်မာသက္ကရာဇ် (၆၆၃) ခု တွင် မိဖုရားဖွားစော၏ ညီမဖြစ်သူ မိဖုရားသည် ဆုတောင်းပြည့်ကျောင်းတိုက်တွင် လယ်မြေ နှင့် ကျွန်များ လှူဒါန်းခဲ့ရာတွင် အထည် (၁၀၀) ကိုလည်း လှူဒါန်းခဲ့ပါသည်။ ၎င်းအထည် (၁၀၀) ဆိုသည်နှင့် ပတ်သက်၍ လှူုဒါန်းခဲ့သော လယ်မြေများတွင် စကုအထက်နားတန်လိုင်မှ လယ်ပယ် (၁၀၀) ပါဝင်ပါ သည်။ ထိုလယ်များကို အမိဖုရားစောအား မင်းကြီးကပေးခဲ့ပြီး ၊ အစ်မဖြစ်သူကွယ်လွန်သော အခါ ညီမဖြစ်သူအား မိဖုရားမြှောက်၍ ၊ မင်းကြီးက အစ်မ၏ လယ်များကို ဆက်ခံသူ အဖြစ် ပေးခဲ့ပါသည်။ ထို စကုအထက်တန်လိုင် လယ်ပယ် (၁၀၀) မှ ရသော အခွန်မှာ “ပုစင်အထည်” ၁၀၀ ဖြစ်ပါသည် ။ စပါးအထွက်နုန်းမှာ လယ် ၁ ပယ်လျှင် ၁၀ တင်းနုန်း ထွက်ရှိပါသည် ။ ထို့ကြောင့် ဒသမဘာဂအခွန်မှာ လယ် ၁ ပယ်လျှင် စပါး ၁ တင်း ဖြစ်ပါမည်။ အခွန်ရမည့် စပါး ၁ တင်း အစား၊ အခွန်အဖြစ် ပုစင်အထည် ၁ ထည်ကို ပေးရသည်ကို သိရ၍ စကုဒေသ မန်းချောင်းလွင်ပြင်မှ ဒသမဘာဂခွန် ပေးဆောင်ရာတွင် စပါးကိုသာလျှင်ပေးရသည် မဟုတ်ဘဲ ၎င်းနှင့် တန်ဘိုးညီမျှသော အရာတစ်ခုခု ကိုပေးဆောင် လျှင်လည်း ရသည့် သဘောဖြစ်ပါသည်။ “ပုစင် အထည်” မှာ မည်သည့်အရာဟု တိတိကျကျ မသိသော်လည်း ၊ ပဥ္ဇင်းရဟန်း အတွက် သင်္ကန်း ဖြစ်နိုင်ပါသည်။ (နီတွတ်၊၂၀၂၀၊၁၆၀) စကုဒေသ မှ ပုဂံ သို့ စပါး ၁၀၀ သယ်ယူရသည် နှင့်နိုင်းယှဉ်လျှင် အထည် ၁၀၀ သယ်ယူရ သည်က ပို၍ လွယ်ကူသောကြောင့်လည်း ဖြစ်နိုင်ပါသည် ။
ပုဂံခေတ် စကုဒေသ မန်းချောင်းလွင်ပြင်တွင်သက်မွေးဝမ်းကျောင်းမှု အလုပ် အကိုင်များအဖြစ် စပါးစိုက်ပျိုးရေး လယ်လုပ်ငန်းသည် အဓိကဖြစ်ပြီး ၊ ယာလုပ်ငန်း ၊ မန်းချောင်းတွင် နုန်းတင်မြေနုသောင်များရှိသဖြင့် ကိုင်းလုပ်ငန်း ၊ စကုမှ “ပုစင်အထည်” ၁၀၀ ကို အခွန်ပေးရသည်ကိုထောက်၍ ရက်ကန်းလုပ်ငန်းလည်း ရှိခဲ့ပါမည်။လက်မှုပညာသည် ဖြစ်သော ပန်းရံအတတ်ပညာရှင်တို့လည်း ရှိခဲ့ပြီး၊ စကု မှ အုတ်များ (သန်းထွန်း၊ ဒေါက်တာ၊ ၂၀၀၅ ခ၊၂၇) နှင့် မပင်စရ မှ အုတ်များ (သန်းထွန်း၊ ဒေါက်တာ၊ ၂၀၁၃၊ ၃၃) ကို ပုဂံ သို့ ပို့ကြသည် ကိုတွေ့ရ၍ အုတ်ဖုတ်လုပ်ငန်းလည်း ရှိခဲ့မည် ဖြစ်သည်။
ကျောက်စာထဲ၌ မပါသော်လည်း မန်းချောင်းနှင့်မြောင်းများရှိသောကြောင့် တံငါလုပ်ငန်း၊ ရွှေစက်တော်ကဲ့သို့တောတောင်များနှင့်နီးသောကြောင့် မုဆိုးလုပ်ငန်း၊ မန်းချောင်းကို အသုံးပြု ဝါးဖောင်လုပ်ငန်း၊ သစ်ဖောင်လုပ်ငန်း၊ လှေကိုအသုံးပြု၍ ရေကြောင်းကုန်သွယ်လုပ်ငန်း
လည်းရှိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် မန်းချောင်းရေသည်ယခုအခါတွင် နည်းပါး၍ အချိန်မရွေး လှေများကို
အသုံးမပြုနိုင်သော်လည်း
ကုန်းဘောင်ခေတ်ထိ မန်းချောင်းလွင်ပြင်တွင် ရေလမ်းကူးသန်းရောင်းဝယ်မူ့ပြုလုပ်ကြပုံ ကို ခရစ်နှစ် ၁၈၀၆ တွင် စကုမြို့ ကျေး မင်းဘူးရွာ နေ ငဘော်ရ သည် လှေကြီး ၅ စီး နွေတိုးလှေငယ် ၄၈ စီး နှင့် ကူးသန်း ရောင်းဝယ်ပုံ ၊ ခရစ်နှစ် ၁၈၀၂ တွင်လည်း စကုမြို့ကျေး မင်းဘူးရွာနေ ငအိ လည်း လှေကြီး ၃၀ ၊ နွေတိုးလှေငယ် ၇၀ နှင့် ဧရာဝတီမြစ်တလျောက်ရောင်းဝယ်ခဲ့ကြပုံ( Than Tun, Dr., 1986, 874, 963)ကို လည်းကောင်း၊ မန်းချောင်းကမ်းနဘေးတွင်တည်ရှိသော ကျွဲတဲရွာပုရပိုက်များ၌ မြန်မာသက္ကရာဇ် ၁၁၇၅ ခုနှစ်မှ ၁၂၀၅ ခုနှစ်အတွင်း လှေစီး ၊ ငွေချေးစာချုပ် ၁၄ ခု ကိုလည်းကောင်း တွေ့ရပါသည်။ မန်းချောင်းရေများချိန်ဆိုလျှင်လှေကြီးများ မန်းချောင်းအတွင်းသို့ဝင်ရောက်နိုင်ပြီး ၊ နွေ အခါကာလ ရေနည်းချိန်မှာ လှေငယ်တွေကိုအသုံးပြုကြ၍၊ ယင်းလှေငယ်တွေကို နွေတိုးလှေငယ် ဟုခေါ်ပါသည်။ ပုဂံခေတ်ကာလ မန်းချောင်းရေ အခြေအနေမှာ အချိန်အခါမရွေး လှေများ ဖောင်များ သွားလာနိုင်အောင် ရေများခဲ့ပေလိမ့်မည်။ ထို့ကြောင့် စကုနှင့် မပင်စရမှ အုတ်များကို ပုဂံသို့ ပို့ဆောင်ရာတွင်လည်းကောင်း၊
စကုနှင့် မန်းချောင်းလွင်ပြင်၌ ရှိသော လယ် နှင့် ကျွန်တို့ကို လှူခဲ့သောကြောင့် ၊ စိုက်ပျိုး သီးနှံ များ ထွက်ရှိသောအခါ သတ်မှတ်ထားသည့် အချိုးကျ အတိုင်း ၊ ၎င်းတို့နှင့် သက်ဆိုင်ရာ ပုဂံရှိဘုရားများသို့ သွားရောက် လှူဒါန်းကြသော ကုန်စည် သီးနှံထွက်ကုန်များပို့ဆောင်ရာတွင်လည်းကောင်း ကုန်းလမ်းခရီးသာမက ရေလမ်းခရီးကိုလည်း အသုံးပြုခဲ့ကြမည်ဟု ယူဆနိုင်ပေသည်။

Leave a Reply

Your email address will not be published.