ကန်စွန်းဥများဈေးကောင်းရသောကြောင့် တစ်ဧက ငွေကျပ် သိန်း ၄၀ ခန့် အကျိုးအမြတ်ရနေ

ရွှေမန်း

ဧရာ၀တီမြစ်အတွင်းရှိ ကျွန်း စိုက်ခင်းများတွင် စိုက်ပျိုးသည့် ကန်စွန်းဥများ ဈေးကောင်းရရှိလာ ရာ တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ထိ ပေါက်ဈေးရှိနေကြောင်း ကန်စွန်းစိုက်တောင်သူများထံက သိရသည်။

အဆိုပါကျွန်းစိုက်ခင်းများ တွင် မြေပဲကို အများဆုံးစိုက်ပျိုး ကြကာ ပဲထောပတ်၊ ချဉ်ပေါင် တို့ကို အဓိကထား စိုက်ပျိုးကြ ခြင်းဖြစ်ပြီး ကန်စွန်းဥကို အပို ဝင်ငွေရရှိအောင် ကျွန်းစိုက်ခင်း များတွင် စိုက်ပျိုးကြခြင်းဖြစ်သည်။

ယခုနှစ်ကန်စွန်းဥ ပေါ်ကာစ ရာသီတွင် တစ်ပိဿာလျှင် ငွေ ကျပ် ၁၉၀၀ ခန့်သာ ပေါက်ဈေးရှိ ခဲ့သော်လည်း နယ်စုံမှ ကန်စွန်းဥ အဝင်နည်းခြင်း ကန်စွန်းဥအထွက် နှုန်းကျဆင်းခြင်းကြောင်း ဇန်နဝါရီ လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ထိ ဈေးကောင်း ရရှိလာကြောင်း၊ ဧရာ၀တီမြစ် အတွင်းရှိ ကျွန်းစိုက်ခင်းများတွင် စိုက်ပျိုးသည့် မြေပဲ၊ ချဉ်ပေါင်၊ ပဲထောပတ် စသည့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးကြရာ ယခုနှစ် ကန်စွန်းဥက ဈေးအကောင်းဆုံး ရရှိသည့် သီးနှံဖြစ်လာကြောင်း ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်း ကျေးရွာမှ တောင်သူ ဦးခင်မောင်ရင်က ပြောသည်။

 “ ဒီနှစ်က ကန်စွန်းဥ စျေးက တစ်  ပိဿာ ၂၅၀၀ ထိ ဈေးကောင်းရ နေပါတယ်။ မနှစ်က ကန်စွန်းဥ တစ်ပိဿာ ၅၀၀ သာ ပေါက်ဈေး ရှိခဲ့တာပါ။ နယ်စုံက ကန်စွန်းဥ စိုက်ပျိုးတာနည်းတာရယ် အထွက် နှုန်း နည်းတာနဲ့ဆိုတော့ ဒီနှစ် ဈေးကွက် ဈေးကောင်းရလာတာပါ။ ကန်စွန်းဥပေါ်ကာစ  တစ် ပိဿာ  ငွေကျပ် ၁၉၀၀ ကနေ အခုရက်ပိုင်း ဈေးမြင့်တက်လာ ပါတယ်။ လက်ရှိ ကန်စွန်းဥဈေး ကောင်းတာကတော့ ကျွန်းပေါ် စိုက်တဲ့ အခြားသီးနှံတွေ လိုက် မမီတော့အောင် ဈေးကောင်းရပါ တယ်။ ကန်စွန်းတစ်ဧကကို ငွေ ကျပ် သိန်း ၅၀ ခန့် အကျိုးအမြတ် ရပါတယ်´´ ဟု ၎င်းကပြောသည်။

ကန်စွန်းဥစိုက်ပျိုးခြင်းကို  စက်တင်ဘာ လလယ်ခန့်က ဧရာ၀တီမြစ်ရေကျဆင်းပြီးနောက် မြေပြုပြင်၍ စိုက်ပျိုးခြင်းဖြစ်ကာ သုံးလခန့်အကြာတွင် ကန်စွန်းဥ ကို တူးဖော်ပြီး မန္တလေး ဈေး ကွက်သို့ တင်ပို့ရောင်းချခြင်း ဖြစ်သည်။      

ကန်စွန်းဥကို တစ်ဧကမြေ နေရာတွင် အကန့်လေးကန့်ခွဲကာ စိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧက စိုက်ပျိုးစရိတ် ငွေကျပ် ၁၆သိန်း ခန့်ကုန်ကျပြီး တစ်ဧကလျှင် ကန်စွန်းဥကုန်ချိန် ပိဿာ၂၈၀၀ခန့် ထွက်ရှိသောကြောင့် တစ်ဧက ဝင်ငွေ ၅၆သိန်းခန့်ရရှိကာ အကျိုး အမြတ်အနေဖြင့် သုံးလခန့်အတွင်း ငွေကျပ် သိန်း ၄၀ ခန့် တောင်သူ အတွက် အကျိုးအမြတ်ရ အဆင် ပြေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.