ဇော်မင်းဇော်မင်း
ဆရာကိုမြင့်ထူးနဲ့ တလောက ဆုံတော့ “သဘင်၊ ပန်တျာနဲ့ ကချေ ဘာကွာတာလဲဗျ”တဲ့။ “ခင်ဗျားက စာစုံတော့ မေးတာပါ”တဲ့။ သူ့မေးခွန်းထဲ စကားလုံးနည်းနည်းပဲပါပေမယ့် ဖြေရမှာ အများကြီးဖြစ်မှာလို့ တန်းပြီး သိလိုက်တယ်။ လက်ထဲဆောင်ထားတဲ့ ဦးဖိုးလတ်ရဲ့ မြန်မာစကားအဖွင့်ကျမ်း(မြန်မာအဘိဓာန်ဋီကာ) ပြန်လှန်ပြီး အနက်က ဒီလို ရေးထုံးသတ်ပုံက ဒီလိုဗျလို့ ဖြေရင်တော့ နည်းနည်းပိုလွယ်မယ်။
ဒါပေမယ့် ထင်သလောက် မလွယ်ဖူး။ ဦးဖိုးလတ်ထဲ ‘ကခြေ’ရဲ့ ရင်းမြစ် ဖွင့်ထားတာကိုက စာအုပ်အရွယ်အစား ၇လက်မ ၁၀လက်မ ထဲ ၂ကော်လံနဲ့ ၇မျက်မျက်နှာ ရှိတယ်။ အေဖိုး စာရွက်နဲ့ ၁၀မျက်နှာလောက်ရှိမယ်။
သူသိချင်တာက သတ်ပုံ၊ ရေးထုံးထက် အဓိပ္ပါယ် ကွာခြားချက်ပါ သိချင်တာဖြစ်မယ်။
သတ်ပုံကျမ်းတွေ ရှာရ၊ မှာရနဲ့ ၄လလောက်ထိ ကြာသွားတယ်။
ကချေတွေ၊ ပန်တျာတွေ၊ သဘင်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေ တွေ့ပေမယ့် လိုချင်တဲ့ အဖြေရနိုင်မယ့် စာအုပ်ကို ရှာရတယ်။ ကံကောင်းစွာနဲ့ ဦးရဲဒွေး (အမြင့်သဘင်)ရဲ့ ‘မြန်မာ့ရိုးရာ သဘင်အနုပညာ ရပ်များ’ဆိုတဲ့ စာအုပ်ကို ဖတ်ရတယ်။
စာအုပ်ထဲမှာ “ပုဂံခေတ်တွင် ‘သဘင်၊ ပန်တျာနဲ့ ကချေ’ဟူသော ဝေါဟာရများကို စတင်တွေ့ရှိရသည်။
ရှေးဦးစွာ ‘သဘင်’ဟူသော ဝေါဟာရသည် “လူထု အစုအဝေး၊ လူအများစုဝေးရာ”ဟု အဓိပ္ပာယ်သက်ရောက်၏ “လို့ ဖော်ပြထားတယ်။
မြန်မာသက္ကရာဇ် ၅၅၂၊ အေဒီ (၁၁၉၀)ခုနှစ် ထိုး အမတ်ကြီးသိင်္ဃသူရဲ့ ကုသိုလ်မှတ်တမ်းကျောက်စာမှာ ပါတဲ့ ‘သဘင်’ဆိုတာကလဲ လူထုအစုအဝေးကိုသာ ဖော်ညွှန်းတယ်။ အေဒီ (၁၂၀၀)ထိုး နားတောင်းများမင်းရဲ့ ဘုရားတည် ကျောင်းဆောက်လှူဒါန်းတဲ့ ကျောက်စာမှာပါတဲ့ “ကခြိတ်သဘင် (ကခြောက်သဘင်)က ကပြဖျော်ဖြေရသည့်အနုပညာကို ဖော်ညွှန်းလာသည်ကို တွေ့ရှိရတယ်လို့ ဦးရဲဒွေးက ရေးထားပါတယ်။
စောလူးမင်းလက်ထက် ခရစ်နှစ်(အေဒီ) ၁၀၈၂ထိုး တောင်ခစည်သဘင်ကျောက်စာမှာ “ဇယ်သဘင်”လို့ ရေးထိုးထားတာကို “စည်သဘင်”ဟု နားလည်ရတယ်တဲ့။ ဆက်ပြီး ဦးရဲဒွေးက “ပန်တျာနဲ့ ကချေ” ဝေါဟာရကို ပုဂံခေတ်ထိုး ကျောက်စာ ၁၀ခုနီးပါးနဲ့ ပြထားပေးပါတယ်။ ပန်တျာ ဆိုတဲ့ ဝေါဟာရမှာ ‘ပန်’က ဖန်ဆင်းခြင်း၊ ပြုလုပ်ခြင်း၊ ဖန်ဆင်းသူ၊ ပြုလုပ်သူ ဖြစ်တယ်။ ‘တျာ’က တီးမှုတ်ခြင်း၊ တီးမှုတ်စရာတူရိယာဖြစ်တယ်လို့ ဆရာကြီးဦးဖိုးလတ်က ယူဆသည်တဲ့။ သူလဲ ဦးဖိုးလတ် အထူးပြုညွှန်းရတာပါပဲ။
ဆရာကြီးဦးသော်ဇင်က ‘ပန်’ဆိုသည်မှာ ‘ပန်စ(ပဉ္စ)’ ငါးခု ဖြစ်တယ်။ ‘တျာ’က တူရိယာငါးမျိုးကို ဆိုလိုဟန်ရှိတယ်လို့ အနက်ဖွင့်ပါတယ်လို့ ဦးရဲဒွေးက ရေးပါတယ်။ ‘ပန်တျာ’ဆိုတာ ရှေးဟောင်း ‘ပန်(ပန်း)’ အနုပညာနဲ့ အတတ်ပညာတွေထဲပါတယ်။ မြန်မာသက္ကရာဇ် ၅၉၅ခုနှစ်ထိုး ပုဂံမြို့ စံသီးဘုရားကျောက်စာမှာ ပန်တျာ၊ ပန်ပု(ပန်းပု)၊ ပန်ခီ(ပန်းချီ)၊ ပုရန်(ပန်းရံ)လို့ ‘ပန်’က အတတ်ပညာ၊ ဖန်တီးပြုလုပ်ခြင်း၊ ဖန်တီးပြုလုပ်သူလို့ ကောက်ယူရာသည်။ ‘ပန်’နဲ့ ‘ဖန်’က ဓာတ်တူ အနက်တူတယ်။ ‘တျာ’က သီချင်း၊ တေးဂီတ၊ အဆိုအတီးဖျော်ဖြေမှု လို့ ယူဆ,ရာသည်လို့ ဦးရဲဒွေးက “မြန်မာ့ဇာတ်သဘင်သမိုင်း၊ မောင်သိန်းနိုင်(၁၉၆၅ခုနှစ်)ထုတ်ထဲက အချက်အလက်ကိုပါ ကောက်နှုတ်ထားပါတယ်။
‘တေး’အနက်က ‘သီချင်း၊ ‘တျာ’အနက်က ‘တီးမှုတ်ခြင်း၊ အတီး၊ အမှုတ်’လို့ ကောက်ယူကြတာ ရှိတယ်။
“ကချေ၊ ကချေသည်” က ယဉ်ကျေးသိမ်မွေ့ နှေးကွေးစွာ ကပြသူဖြစ်ပြီး၊ “ပန်တျာ”က သွက်လက်မြူးတူးစွာ ‘အရိုင်’ကပြသူလို့ သတ်မှတ်တယ်လို့ ပုဂံခေတ်ကျောက်စာပါ ‘ပန်တျာ’ဝေါဟာရရဲ့ အတွဲအဖက် အသုံးအနှုန်းတွေကို အထောက်အထားတွေနဲ့ ညွှန်ပြထားပါတယ်။
ပုဂံခေတ်မှာလဲ တေးသံရှင် အဆိုတော်(သီချင်းသီဆိုသူ)တွေ ရှိပြီး “သီခြင်းသည် (သီချင်းသည်)လို့ ခေါ်ဆိုတယ်။ တခါတရံ အဆိုတော်ကို ရခန်သည်(ရကန်သည်)လို့လဲ ခေါ်ဆိုဟန်တူပါတယ်တဲ့။
၂၀၂၀ ဇွန်လထုတ် ခရီးဆောင် မြန်မာအဘိဓာန်မှာ “ကချေသည်”ကို ‘ကပြဖျော်ဖြေခြင်းဖြင့် အသက်မွေးသူ’လို့ အနက်အဓိပ္ပာယ်ဖွင့်ထားတယ်။
“ပန်တျာ”ကို ‘စည်တမျိုး၊ အတီးအမှုတ်၊ အဆိုအတီးအကပညာ’လို့ လို့ ဖွင့်ဆိုထားတယ်။
“သဘင်”ကို ‘အစုအဝေး၊ အခမ်းအနား၊ ပွဲလမ်း။ “သဘင်သည်”ကို သီဆို ကခုန်ခြင်းဖြင့် ပရိသတ်ကို ဖြေဖျော်၍ အသက်မွေးဝမ်းကျောင်းပြုသူလို့ ဖော်ပြဖွင့်ဆိုထားပါတယ်။
ရှေးရေးထုံးမှာ “ကခြေ”လို့ ရေးထုံးကိုလဲ တွေ့ရပါတယ်။
ဦးဖိုးလတ်ရဲ့ မြန်မာစကားအဖွင့်ကျမ်းမှာ ကခြေသည်၊ ကခြေသဘင်စတဲ့ စကားမှာ ‘က’က အနက်ပေါ်လွင် ထင်ရှားပေမယ့်၊ ‘ခြေ’ရဲ့ အနက်က တိမ်မြုပ်လျက်ရှိတယ်။ ဒါပေမယ့် ရှေးကျောက်စာတွေမှာ တွေ့ရသမျှ အရေးတွေကို ထောက်၍သော်လည်းကောင်း၊ စကား၏အနက် ပရိယာယ်အမျိူမျိုးကို ထောက်၍သော်လည်းကောင်း၊ ‘ကခြေ’ဟု ‘ခ’အက္ခရာတွင် ‘ရ’ရစ်၍ ရေးခြင်းသည်သာ၊ မှန်ကန်ကျန ထုံးမီစံမျှ ဖြစ်ကြောင်း၊ ပညာရှင်အများ အလွယ်တကူ ကောက်ယူဆုံးဖြတ်နိုင်ရ၏ လို့ ရေးထားပါတယ်။
‘ချေ’ဘက်ကလဲ ထောက်ပြလာနိုင်တာက ပုဂံခေတ် ကျောက်စာတွေမှာ ကခြိယ်လို့ ရေးထိုးတာတော့ ‘ခြေ’
မဟုတ်ဘူးလို့ ငြင်းချက်ထုတ်လာနိုင်ပါတယ်။ ဒါပေမယ့် ‘ရရစ်’နဲ့ ပေါင်းထားတမာကိုတော့ မြင်ရမှာပါ။
ဦးဖိုးလတ်က ” ‘ကခြေ’ဆိုရာ၌ ‘က’က ခြေလက် ဦးလည် စသည် ကွေးညွတ်ယိမ်းယိုင် လှုပ်ရှားခြင်း ပြုသည်ကို ပြ၍၊ ‘ခြေ’က တေးသီခြင်းကို သာယာစွာ သီဆိုကြူးရင့်ခြင်း ပြုသည်ကို ပြသည်။ ထို့ကြောင့် ‘ကခြေ’၏ အနက်ကို ‘အက, အဆို’ ဝါ ‘ကခြင်းဆိုခြင်း’ ဝါ ကခြင်း သီခြင်း’ဟူ၍ လည်းကောင်း၊ ‘ကခြေသည်’၏ အနက်ကို ‘အကအဆိုသည်’ ဝါ ‘ကဆိုသူ’ဟူ၍လည်းကောင်း၊ ‘ကခြေသဘင်’၏ အနက်ကို ‘အကအဆိုပွဲ’ ဝါ ‘ကသည့်ဆိုသည့်ပွဲ’ဟူ၍ လည်းကောင်း ကောက်ယူရာ၏”လို့ ဆိုထားပါတယ် ။
ပုဂံခေတ်ရေးထုံး ‘ခြိယ်’က ‘ခြယ်’ဆိုတဲ့ သဘောများဖြစ်နေမလားလို့ မိမိဉာဏ် တထွာတမိုက်နဲ့ ဆက်စဉ်းစားမိပါတယ်။ ခြေလက် ဦးလည် စသည်တို့နဲ့ ကွေးညွတ်ယိမ်းယိုင် လှုပ်ရှားခြယ်မှုန်းပြီး ကိုယ်ပြလို၊ ပြုလိုတဲ့ ကခြင်း သီဆိုခြင်းတွေကို ပြုတဲ့ သဘောများလားပေါ့။
ဦးဖိုးလတ်က ပုဂံခေတ်မှာ ‘စာခီ၊ ပန်ခီ’ လို့ ထိုးတာက
မြန်မာရေး ‘ပန်’နဲ့ မွန်ရေး ‘ပါန်’ပုဒ်တွေက ‘ပြု, လုပ်၊ ပြုခြင်း, လုပ်ခြင်း၊ ပြုသူ, လုပ်သူ’လို့ ဆိုလိုတာချည်း ဖြစ်ပေမယ့် ‘ခီ’ပုဒ်ရဲ့ အနက်ကတော့ နှစ်ဘာသာလုံးမှာ အနက် မပေါ်ပေါက်ဘူး။ ‘စာခီ’ပုဒ်ထောက်ပြီး ‘ခီ’က အရုပ်ရေးသူ၊ စာရေးသူလို့ပဲ တွေးထင်နိုင်တယ်။ ‘ခီ’ကို ဆရာကြီးဦးဖိုးလတ်က မွန် – မြန်မာ စာပေနယ်၊ ပါဠိ- သင်္သကရိုက်နယ်တွေမှာတင်မက တဘက် – တရုတ်နယ်သုံး ဝေါဟာရထိရှာတာမှာ တရုတ်ဘာသာမှာ ဆီလျော်တယ်လို့ ထင်ဖွယ်ရှိတဲ့ ဝေါဟာရနှစ်ခုကို တွေ့တယ်။ တရုတ်ဘာသာရဲ့ “ကီ (ခီ)’ဆိုတဲ့ “ရေးမှတ်’ ဆိုတဲ့ စကားက နေ မြန်မာဘာသာ ‘စာခီ၊ ပန်ခီ’ဆိုတဲ့ ‘ခီ’ပုဒ်ကို ဆင်းသက်လာတာလို့ ယူဆပြီး ‘ပန်ခီ’ရဲ့ အနက်က’ဆေးရေးခြယ်၊ ဆေးရေးခြယ်သူ’အဟောဖြစ်လာပုံကို ဦးဖိုးလတ်က ဘာသာစကားပေါင်းစုံ ရှာဖွေဆန်းစစ်ပြပါတယ်။ “ခြေ”ရဲ့အနက်ကို “ခြည်”ကနေလာသလား။ ခြည်ရဲ့မူလအနက်ထဲက “အလင်း၊ အရောင်”ထက် “အသံ”ဆိုတဲ့ အနက် သဘောသာ ဖြစ်မယ်။ “ခြေ”အနက်ကို ခြည်၊ ချေ၊ ခြေးထိ သူက ဆန်းစစ်ပါတယ်။
ပုဂံခေတ်မှာ လွန်စွာအသုံးတွင်ခဲ့ပေမယ့် နောင်လုံးဝလောက်ပင် မေ့လျော့တိမ်မြုပ်သွားတဲ့ ‘ပန်တျာ”ဆိုတဲ့ စကားကို သုတေသနပြုရတာကတော့ မြန်မာဝေါဟာရနယ်မှာ အခက်အခဲဆုံးနဲ့ စိတ်ဝင်စားဖွယ် အကောင်းဆုံးလို့ ဦးဖိုးလတ်က ရေးပါတယ်။ မြန်မာနိုင်ငံတော်မှာ ကမ္ဗည်း(ကဗျည်း) ကျောက်စာလုပ်ငန်းတွေကို ခရစ်နှစ် ၁၉ရာစု မကုန်မီက စတင်ဖွင့်လှစ်ခဲ့တယ်။ အဲ့ဒီနောက် ကျောက်စာတွေကို လိုက်လံရှာဖွေ ကူးယူတဲ့အခါ “ပန်တျာ”ဆိုတဲ့ စကားကို ပုဂံခေတ် ထိုးကျောက်စာ အမြောက်အမြားမှာ တွေ့ပေမယ့် ရင်းမြစ်နဲ့ အနက်တွေကို အလင်းမဆောင်နိုင်ခဲ့ဘူးတဲ့။ ၁၉၂၁ခုနှစ်လောက်မှာ ရန်ကုန်တက္ကသိုလ်ဖွင့်ခဲ့ပြီး မြန်မာဘာသာအပါအဝင် အရှေ့တိုင်းပညာလေ့လာမှုဌာနတခု ဖွင့်ပြီး ပုဂံကျောက်စာတွေကိုလဲ လေ့လာခဲ့တယ်။ ပန်တျာအနက်ကိုတော့ ခပ်ဝါးဝါးပဲ မှန်းဆနိုင်တယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ၁၉၄၁မှာ မဟာဝိဇ္ဇာတန်းသားတယောက်နဲ့ ဦးဖိုးလတ်ဆွေးနွေးတော့လဲ တီးမှုတ်စရာတူရိယာတခုခုဖြစ်မယ်။ ဘာဆိုတာကိုတော့ ဆက်လေ့လာရမယ်လို့ တွေးပြီး လူသျှင် သက်ကြီးဝါကြီးစာပေ ရာဇဝင်နှံစပ်သူတွေကို မေးမြန်းပေမယ့် အနက်ကို ပြတ်ပြတ်ထင်ထင် မဖွင်နိုင်ခဲ့ဘူးတဲ့။၁၉၄၃ကျ မြန်မာအဘိဓာန်အဖွဲ့ဆီ သူပါဠိ၊ သင်္သကရိုက်၊ မွန်ဘာသာတွေက ကောက်ယူခဲ့တဲ့ အချက်အလက်တွေကို စာပို့ခဲ့တယ်။
“ပန်”ကို “ပ”အနက်ထိ ရင်းမြစ်လိုက်လေ့လာတယ်။
“ပ”ရဲ့ အနက်က ဆောင်ရွက်သည် စီမံသည်၊ ပြုသည်၊ ဖန်ဆင်းသည်ဆိုတဲ့အဓိပ္ပါယ်ရှိကြောင်း တရုတ်၊ ရှမ်း၊ ထိုင်း၊ ကရင်၊ တိဘက်၊ ချင်း၊ မွန်၊ ပလောင်၊ မြန်မာ၊ ခမယ်၊ ပသျှူးစတဲ့စကားတွေမှာရှိတဲ့ “ပ”အသံထွက်ရဲ့ အနက်အဓိပ္ပါယ်ကို ဇယားနဲ့ စုစည်းဖော်ပြပါတယ်။ အဲ့ဒါကနေ “ပန်”ကို “ဖန်”ရဲ့အနက် “ဖန်ဆင်း၊ ဖန်စီရင်၊ ဖန်တီး၊ ဖန်လာ၊ ကြံဖန်”ဆိုတာနဲ့ ” ပြု၊ ဖြစ်၊ ပြုခြင်း၊ ဖြစ်ခြင်း၊ ဖြစ်စေသည်၊ ပေါ်စေသည်” ဆိုတာပါ ထင်ရှားလာတယ်။
သူ့ရဲ့ ကောက်ယူပုံအဆင့်ဆင့်ကို အချက်အလက်အများကြီးကနေ ရှာယူပါတယ်။ပညာရှင်တယောက်အနေနဲ့ ကိုယ်ကောက်ယူလိုက်တဲ့ အနက်က ဘာသာစကားနဲ့ စာပေအထောက်အထားခိုင်မာဖို့နဲ့ မှန်ကန်ဖို့လိုကြောင်းသိလာရတယ်။
ဦးဖိုးလတ်က အချက်အလက်တွေပေါ်ကနေ “ပန်တျာ”ကို ယခင်က ကောက်ယူခဲ့တဲ့ “တီးမှုတ်စရာတူရိယာတခုခု”လို့ အနက်မယူတော့ပဲ “အတီးအမှုတ်၊ တီးမှုတ်ခြင်း၊ တီးမှုတ်သူ”လို့ ကောက်ယူပါတယ်တဲ့။ပန်တျာသည်လို့ သုံးရင်တော့ တီးမှုတ်ခြင်းနဲ့ မရောတော့ပဲ ပိုသိသာ၊ မြင်သာတယ်ပေါ့။
သဘင်ကို သီးသန့်အနက်ပြထားတာ ကျမ်းထဲ မတွေ့ပေမယ့် “သာဘောင်ဖွဲ့”ဆိုသည်မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်း ဖြစ်သည်လို့ အနက်ပြတာ တခုတော့ တွေ့ရပါတယ်။ ဝမ်းမြောက်ပျော်ရွှင်နေသော လူတစုကို “သာဘောင်တစု”လို့ ဆိုပါတယ်တဲ့၊ “သာစဘောင်”ဆိုတဲ့ ပျော်ရွှင်မြူးတူးနေသောအဖြစ်ဆိုတာကိုတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
၁၅ရက် ဇန်နဝါရီ ၂၀၂၄ခုနှစ်
Leave a Reply