ရွှေမန်း
ပို့ကုန်အခြေပြုအရန်ဆန်စနစ်အရ ဆန်တင်ပို့သူတွေရဲ့ ပါဝင်မှုနဲ့ အရန်ဆန်အိတ်ရေ ၈ သိန်းခန့် စုဆောင်းထားရှိပြီးဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
“ပို့ကုန်ဆန် ၁ တန် ပို့တိုင်း၊ ပို့တိုင်းမှာ ဆန် ၁ အိတ် (၁ တန်၊ ၁ အိတ်)။ ဆန်စပါးကဏ္ဍမှာရှိတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပါဝင်မှုနဲ့ ဆောင်ရွက်ထားပါတယ်”ဟု ၄င်းကပြောသည်။
အရန်ဆန်တွေ စုဆောင်းထားခြင်းကြောင့် လိုအပ်ချက်ရှိလာပါက ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်ရုံ/အလုပ်ရုံတွေထံ ရောင်းချပေးလျက်ရှိသည်။
“ဆန်စပါးအသင်းချုပ်က စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေကြောင့်၊ ဈေးကွက်လိုအပ်ချက်ကြောင့် အရန်ဆန်ထဲကနေ ထုတ်ရောင်းပေးတာပါ”ဟု MRF ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
MRF အနေဖြင့် ယခုနှစ်မှာ အရန်ဆန်သိုလှောင်မှုကို ပမာဏကို တိုးမြှင့်လိုက်ပြီး အိတ်ရေ ၁ သန်းအထိ ကနဦး သိုလှောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လာသည်။
သို့ဖြစ်၍ အရင်က ဆန် ၁ တန်ပို့လျှင် အရန်ဆန် ၁ အိတ်နှုန်း စုဆောင်းခဲ့သော်လည်း ယခုအခါမှာ ဆန် ၁ တန်ပို့လျှင် ၁ အိတ်ကနေ ၃ အိတ်အထိ အရန်ထားဖို့ ရည်ရွယ်ထားကြောင်းဆိုသည်။
“မြန်မာနိုင်ငံတစ်နိုင်ငံလုံး တကယ်ဖြန့်ဖြူးဖို့အတွက် လိုအပ်ချက်က တစ်ပတ်တာအတွင်း အိတ် ၂ သိန်း၊ ၃ သိန်းလောက်နဲ့ ဈေးကွက်တည်ငြိမ်မှုကို ထိန်းလို့ရပါတယ်”ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
MRF အနေဖြင့် “ပြန်ရောင်းရန်အတွက် လာဝယ်မည့်သူတွေကိုလည်း စိစစ်ရကြောင်း တစ်အိတ်ကို ၇ သောင်းခွဲလောက်ဖြင့်ရောင်းချပေးသည့်ဆန်ဟာ အပြင်မှာ ၈ သောင်းခွဲလောက်ရှိကြောင်း ပြန်ရောင်းချင်သည့် သူတွေက ဈေးသက်သာစျေးဖြင့်လာဝယ်ပြီးတော့ ဈေးကြီးကြီးနှင့် ပြန်ရောင်းတာမျိုးမဖြစ်အောင် တဖက်က ထိန်းကျောင်းနေကြောင်း သိရသည်။
Leave a Reply